address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, May 1, 2014

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးအတွက် “ဝ”၊ မိုင်းလားအဖွဲ့တို့နှင့် KNU ဆက်တိုက်တွေ့


1.5.2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် နောက်ဆက် တွဲ နိုင်ငံရေး ဆွေးနွေး ပွဲများ အတွက် တိုင်းရင်းသားလက်နက်ကိုင် အင်အားကြီး အဖွဲ့များဖြစ်သော “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ ရှမ်းပြည်နယ် အထူးဒေသ (၄) မိုင်းလားအဖွဲ့တို့နှင့် ကရင်အမျိုးသား အစည်းအရုံး KNU က ဆက်တိုက် တွေ့ဆုံခဲ့ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့သို့ ဧပြီလ ၂၆ ရက်နေ့၌ သွားရောက်၍ UWSA ခေါင်းဆောင် များနှင့် တွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများအပြီး ချုပ်ဆိုမည့် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် စာချုပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း KNU ထံမှ သိရသည်။

“ဝ” အဖွဲ့နှင့် KNU တို့ တွေ့ဆုံရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည် နယ် တောင်း ဆိုမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ပဋိပက္ခများကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းကို လုံးဝကန့်ကွက်ကြောင်း၊ နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန် သဘောတူကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်သည်။

ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် အဖွဲ့သည် ဧပြီလ ၂၈ ရက်နေ့တွင် မိုင်းလားမြို့သို့ ဆက်လက်သွားရောက်၍ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြ ရန် နှစ်ဖက် သဘောတူကြောင်း မိုင်းလားအဖွဲ့နှင့် ပူးတွဲကြေညာချ က်တွင် ဖော်ပြထားသည်။

ဧပြီလဆန်းတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ အချို့နှင့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အကန့်အသတ် မရှိ ရွှေ့ဆိုင်းကြောင်း ပြည်တွင်းပြည်ပ မီဒီယာအချို့က ဖော်ပြခဲ့သော်လည်း အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များက ငြင်းဆိုထားသည်။

နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ကာ အစိုးရနှင့် ယုံကြည်မှု ကောင်းစွာ တည်ဆောက်ထားနိုင်သော KNU ၏ ငြိမ်းချမ်းရေး ကြိုးပမ်းချက်များကြောင့် အပစ်ရပ်ဆွေးနွေးမှု တိုးတက်လာကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

UWSA နှင့် မိုင်းလားအဖွဲ့တို့မှ အစိုးရနှင့် သီးခြား အပစ်အခတ် ရပ်စဲထားပြီး တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးညီလာခံ နှစ်ခုသို့ ပါဝင်တက်ရောက်ခြင်း မရှိသည့်အပြင် အပစ်ရပ်ညှိနှိုင်းအဖွဲ့ NCCT တွင်လည်း ပါဝင်ခြင်း မရှိသည့် အတွက် စိုးရိမ်မှုအချို့ ရှိသော်လည်း ဧပြီလဆန်းက ရန်ကုန်မြို့၌ ပြုလုပ်သော အပစ်ရပ်စာချုပ် ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

ကချင်နှင့် ရှမ်း (မြောက်) ဒေသများတွင် စစ်ရေးတင်းမာမှု အချို့ကြောင့် အပစ်ရပ် ဆွေးနွေးမှုများ ထိခိုက်မည်ကို နှစ်ဖက် စိုးရိမ်နေသော်လည်း အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ မေလအတွင်း သီးခြားစီ တွေ့ဆုံရန် သဘောတူထားပြီး ဖြစ်သည်။

“ဝ”၊ မိုင်းလား တပ်ဖွဲ့များမှာ တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင်သော ညီလာခံများသို့ တက်ရောက်ခြင်း မရှိဘဲ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှသာ ပါဝင်မည်ဟု ထုတ်ဖော် ပြောဆိုထားသည့် အဖွဲ့အစည်းများ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment