address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 13, 2013

ကရင်အာဇာနည်နေ့ သံတောင်တွင် နှစ် ၆၀ကျော်အတွင်း ပထမဦးဆုံးကျင်းပ

13.8.2013

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သော နေ့ရက်ကို ဂုဏ်ပြုသတ်မှတ်ခဲ့သည့် ကရင် အမျိုးသား အာဇာနည်နေ့ကို နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် သြဂုတ်လ ၁၂ ရက် နံနက် ၆ နာရီခွဲက ကရင်ပြည်နယ် သံတောင်ကြီးမြို့ ဘောဂလိမြို့နယ်ခွဲ ရေသိုးလေး ကျေးရွာရှိ အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး တောင်ငူခရိုင် ဥက္ကဋ္ဌ ဖဒိုစော အယ် ဝါးက The Voice သို့ ပြောကြားသည်။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးသည် ၁၉၅၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီ ခန့်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ကျဆုံးခဲ့ရသောနေ့ကို ကရင်အမျိုးသား အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်ပေါင်း ၆၃ နှစ် အကြာတွင် သံတောင်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်း ကရင်အမျိုးသား အစည်းအရုံး တောင်ငူခရိုင် တပ်မဟာ (၂) က ကြီးမှူး၍ လူထုလူတန်းစား ပေါင်းစုံ ပါဝင်သော အခမ်းအနားတစ်ရပ်အနေနှင့် လည်းကောင်း၊ တော် လှန်ရေး ကာလတစ်လျှောက် ကျဆုံးခဲ့ရသော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ကရင် bအမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်တကွ အရာရှိ အရာခံ အကြပ်တပ်သားများကို အောက်မေ့သ တိရသောအနေနှင့် လည်းကောင်း ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အခမ်းအနားတွင် ကရင်အမျိုးသား အစည်းအရုံးဗဟိုမှဗိုလ်ချုပ်ကြီးမူတူး ဆေးဖိုး ပေးပို့သောသဝဏ်လွှာ   ဖတ်ကြားခြင်း၊ တပ်မဟာ (၂) တာဝန်ရှိသူတစ်ဦးက ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်ကို ပြည်သူ များထံ အသိပေးတင်ပြခြင်း၊ ကျဆုံးခဲ့သော ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီးနှင့် ကရင်မျိုး သား အာဇာနည်များကို လွမ်းသူ့ပန်းခွေချခြင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တက်ရောက်လာသူ များက တစ်မိနစ်ကြာ ငြိမ်သက် ဂါရဝပြုခြင်းတို့ ပြုလုပ်ခဲ့ကြောင်းကရင်အမျိုးသားအစည်းအရုံး တောင်ငူ ခရိုင် တပ်မဟာ (၂) ထံမှ သိရှိရသည်။

“လူမျိုးတိုင်း လူမျိုးတိုင်းမှာ သမိုင်းဝင် ဂုဏ်ယူစရာ နေ့ရက်တွေရှိတတ် ကြပါတယ်။အဓိက ပြောချင်တာ က ကိုယ့်လူမျိုး တိုးတက်ဖို့ကို ရုန်းကန်ကြိုးစားကြဖို့ပါပဲ” ဟု ပဲခူးတိုင်းဒေသကြီးကရင်တိုင်းရင်းသားရေး ရာဝန်ကြီး ဦးစောဂျူ ဘလီစံလှက ပြောကြားသည်။

အာဇာနည်နေ့ အခမ်းအနားသို့ တောင်ငူခရိုင် တပ်မဟာ (၂) လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ လိပ် သိုလ်မြို့နယ်ခွဲ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်၊ ငြိမ်းချမ်းရေး အဖွဲ့အစည်း များနှင့် ဒေသခံပြည်သူများ အပါအဝင် လူ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း အဆိုပါအခမ်းအနား တက်ရောက်ခဲ့သည့် သံတောင်မြို့နယ် အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် တစ်ဦးက ပြောကြားသည်။

ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနားသို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် စစ် ဘက်ဆိုင်ရာ အဖွဲ့အစည်းများကို ကြိုတင် ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခြင်း မရှိကြောင်း ကရင် အမျိုးသား အစည်းအရုံး တောင်ငူခရိုင် ဥက္ကဋ္ဌ ဖဒိုစောအယ်ဝါးနှင့် ဒေသခံများက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment