address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 6, 2013

ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရေကြီးမှုကြောင့် ခြောက်ဦးသေ၊ တစ်ဦးပျောက်ဆုံးပြီး အိမ်ထောင်စု ၈၀၀၀ ကျော်မှ လူဦးရေ ၄၀၀၀၀ ကျော် ရေဘေးဒုက္ခ ရောက်ခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်




6.8.2013

ဇူလိုင် ၂၇ ရက်မှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုများ ဖြစ်ပေါ်ကာကရင်ပြည်နယ်၊  မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရေကြီးမှုကြောင့် ခြောက်ဦးသေ၊ တစ်ဦးပျောက်ဆုံးပြီး အိမ်ထောင်စု ၈၄၆၈ အိမ်မှ လူဦးရေ ၄၁၃၅၉ ဦး ရေဘေးဒုက္ခ ရောက်ခဲ့ကြောင်း သြဂုတ် ၅ ရက် ညပိုင်းက အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ရေဘေးသင့် ဒေသများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက် အမှတ် ၁၂/၂၀၁၃ တွင် ဖော်ပြထားချက်အရ သိရသည်။


ရေကြီးမှုကြောင့် သေဆုံးသူ ခြောက်ဦးနှင့် ပျောက်ဆုံးသူ တစ်ဦးမှာ ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုး မှုကြောင့်ဖြစ်ပြီး ကရင်ပြည်နယ် အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြ၀တီ မြို့နယ်များနှင့် ကမမောင်းမြို့နယ်ခွဲအတွင်း ရေကြီးမှုကြောင့် အိမ်ထောင်စု ၆၇၃၃ စု၊ လူဦးရေ ၃၃၄၀၉ ဦး ရေဘေးဒုက္ခ ရောက်ခဲ့ကြရာ ကယ်ဆယ်ရေးစခန်း ၇၉ ခုဖွင့်လှစ် အကူအညီ ပေးခဲ့ကြောင်း၊ သြဂုတ် ၅ ရက်တွင် အိမ်ထောင်စု ၃၄၄၀ စုမှ လူဦးရေ ၁၆၅၇၉ ဦးသာ ကျန်ရှိ၍ ကယ်ဆယ်ရေးစခန်း ၄၇ ခုဖြင့် ကူ ညီဆောင်ရွက် ပေးနေသည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် တံတားလေးစင်း ပျက်စီးခဲ့ပြီးအခြေခံပညာစာသင်ကျောင်း  ၃၆၇ ကျောင်း ခေတ္တပိတ်ထားရကာ စပါးစိုက်ဧက ၃၆၇၅ ဧက ရေနစ်မြုပ်ခဲ့သည်။

အလားတူ မွန်ပြည်နယ် အတွင်းရှိ ဘီးလင်း၊ ကျိုက်မရောနှင့် ရေးမြို့နယ်များတွင် ရေဘေးသင့် အိမ်ထောင် စုပေါင်း ၁၀၅၀ စု၊ လူဦးရေ ၄၆၈၀ဦးတို့အားကယ်ဆယ်ရေးစခန်း၃၄ခုဖွင့်လှစ်ကူညီခဲ့ရာမှ မြစ်ရေ ပြန်လည် ကျဆင်း သွားသဖြင့် ဘီးလင်းမြို့ နယ်နှင့် ရေးမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများမှာ ၎င်းတို့၏ နေအိမ်များ သို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်ကြောင်း၊ ကျိုက်မရော မြို့နယ်တွင် အိမ်ထောင်စု ၃၆၁ စု၊ လူဦးရေ ၁၆၀၀ ဦးအား ကယ်ဆယ်ရေး စခန်းသုံးခုဖြင့် ကူညီစောင့်ရှောက် ထားရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါဝင် သည်။

မြစ်ရေကြီးမှုကြောင့်မုဒုံမြို့နယ်တွင်တံတားတစ်စင်းနှင့် ပေါင်မြို့နယ်တွင်စာသင်ကျောင်းဆောင်တစ်ဆောင်  ပျက်စီးခဲ့ကာ ကျိုက်မရောမြို့နယ်တွင်အခြေခံပညာစာသင်ကျောင်း၅၈ ကျောင်း ခေတ္တပိတ်ထားရကြောင်း  သိ ရသည်။

သြဂုတ် ၂ ရက်က တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် အတွင်းရေလွှမ်း မိုးမှုကြောင့် အိမ်ထောင်စု ၃၂၄ စု၊ လူဦးရေ ၁၆၇၀ ဦးအား ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်၍ ကူညီပေးလျက် ရှိကြောင်း သိရ သည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၏ ခရီးစဉ် အတွင်း၌လည်း ရေဘေးသင့် ပြည်သူများအတွက် စေတနာရှင်များ မှ လှူဒါန်းသည့် ငွေကျပ် သိန်း၂၀၀၀ အား ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြ၀တီနှင့် ဖာပွန်မြို့နယ်များရှိ ရေဘေးသင့်အိမ်ထောင်စု၇၁၈၁စုအတွက်အိမ်ထောင်စုတစ်စုလျှင်ကျပ်၁၅၀၀၀  နှုန်း   ပေးအပ်ခဲ့ပြီး ဆန်၊ ဆေးဝါးနှင့် အရေးပေါ် ကယ်ဆယ်ရေးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ကရင်ပြည် နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေဘေးသင့် ပြည်သူများအတွက် ငွေကျပ် ၈၈ သိန်း ၅ သောင်း၊ ဆန် ၃၃၇ အိတ်၊ ဆီ ၈၆ ပိဿာ၊ ကြက်ဥ ၈၃၆၄ လုံးနှင့် ခေါက်ဆွဲခြောက် ၁၃၄၇၈ ထုပ်တို့ကို ထောက်ပံ့ပေးအပ် ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် လူမှုရေး အဖွဲ့ အစည်းများ၊တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသခံပြည်သူတို့ပူးပေါင်း၍ ရေကျသွားသော  ဒေသများတွင် သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ပေးလျက် ရှိကြောင်း အစိုးရမှ သတင်းထုတ်ပြန် ထားသည်။

Eleven Media Group

No comments:

Post a Comment