address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, February 12, 2014

နယ်စပ်ဒေသ ရွှေ့ပြောင်းကလေးငယ်တိုင်းကို အခြေခံပညာကျောင်း ဝင်ခွင့်ပေးမည်


12.2.2014

ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ ရွှေ့ပြောင်း စာသင်ကျောင်းများတွင် သင်ကြားနေသော ရွှေ့ပြောင်းလုပ်သား မိသားစုဝင် ကလေးသူငယ်တိုင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် လက်အောက် အခြေခံပညာကျောင်း တိုင်းတွင် ဝင်ခွင့်စာမေးပွဲ စစ်ပြီး လက်ခံရန် ညွှန်ကြားထားကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက The Voice သို့ ပြောကြားသည်။

အခြေခံပညာ ကျောင်းတိုင်းကို ယင်းညွှန်ကြားချက်များ ပေးပို့ထားသော်လည်း အကဲဖြတ်စာမေးပွဲ စစ်ဆေးရာတွင် ပညာရေးဝန်ကြီးဌာနနှင့် အချိတ်အဆက် ကွာဟမှု ရှိသောကြောင့် နှောင့်နှေးမှုများ ရှိနိုင်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

နယ်စပ်ဒေသ ရွှေ့ပြောင်းစာသင်ကျောင်း များမှ အခြေခံပညာကျောင်း များသို့ ကူးပြောင်းလိုသော ကလေးငယ်များသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများထံ အစီရင်ခံစာ တင်သွင်းရန် လိုအပ်ကြောင်း၊ ယင်းမှတစ်ဆင့် ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက အကဲဖြတ် စာမေးပွဲကို ကျင်းပပေးပြီး အတန်းတက်ရောက်ခွင့် ပြုကြောင်း ပညာရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးက ဆိုသည်။

လတ်တလော ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ အစိုးရများက ရွှေ့ပြောင်း ကလေးသူငယ်များ၏ ပညာရေးအတွက် ကျောင်းဝင်ခွင့် အစီအစဉ်ကို ပြန်လည်ရေးဆွဲနေပြီ ဖြစ်သော်လည်း ညှိနှိုင်း ဆောင်ရွက်ဆဲ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။

ထိုင်း-မြန်မာ နယ်စပ် ရွှေ့ပြောင်းဒေသ ကလေးငယ်များသည် မြန်မာနိုင်ငံရှိ အခြေခံ ပညာကျောင်း များသို့ ရွှေ့ပြောင်းသင်ကြား လိုသော်လည်း ၄င်းတို့၏ ပညာအရည်အချင်းကို အသိအမှတ်မပြုမှုများ ရှိနေသေးကြောင်း ထိုင်းနိုင်ငံ တာခ့်ခရိုင်ရှိ ရွှေ့ပြောင်းဒေသ ဆရာ၊ ဆရာမများ အစည်းအရုံး အတွင်းရေးမှူး ဦးနိုင်နိုင်ထွန်း၏ ပြောကြားချက်များအရ သိရသည်။
"ကျွန်တော် သိချင်တာ ပညာရေးဌာနရဲ့ အမိန့်ပဲ မရောက်တာလား။ ကျောင်းတွေပဲ မလိုက်နာတာလား ဆိုတာပဲ" ဟု ၄င်းက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သား မိသားစုဝင် ကလေးငယ်၏ ကျောင်းဝင်ခွင့်သတ်မှတ်ချက် အတွက် တရားဝင် ကြေညာထား သော်လည်း ကရင်ပြည်နယ် နှင့် ကယားပြည်နယ် တို့တွင်သာ အဆိုပါ ကလေးငယ်များကို လက်ခံနေကြောင်း ထိုင်း-မြန်မာ နယ်စပ်ဒေသခံ အချို့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment