address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, February 13, 2014

သန်းခေါင်စာရင်းကောက်ယူမှု ဒီကေဘီအေ ကူညီမည်


13.2.2014

ကရင်ပြည်နယ်၊ ကလို့ထူးဘောအခြေစိုက် စစ်ဌာနချုပ် ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) က မတ်လတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာ၌ မိမိတို့ ထိန်းချုပ်နယ်မြေအတွင်းတွင် ကောက်ယူသူများကို အကူအညီပေးသွားမည်ဟု ကလို့ထူးဘောစစ်ဌာနချုပ်အခြေစိုက် ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးစောထွန်းထွန်းက မဇိ္ဈမကို ဖေဖော်ဝါရီ ၁၁ ရက်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့တော့ DKBA ထိန်းချုပ်နယ်မြေထဲမှာ သူတို့ တာဝန်ရှိသူတွေ ဘယ်လိုကောက် မလဲ။ ဘာအခက်အခဲတွေရှိမလဲ။ ကူညီပေးမယ်။ သူတို့ဘက်က ကိုယ်တိုင်ကောက်ချင်လည်း လိုအပ် တာလုပ်ပေးမယ်။ လ၀ကအဆင်ပြေအောင် ကူညီပေးမယ်လို့ ပြောပြီးသားပါ”ဟု ဆိုသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ဦးဆောင်သည့်အဖွဲ့နှင့် ဇန်န၀ါရီ ၁၄ ရက်က ဘားအံ၌ တွေ့ဆုံစဉ် တွင် DKBA မှ မိမိတို့ ဆောင်ရွက်ပေးမည့်အကြောင်းများကို ပြောဆို ဆွေးနွေးမှုပြုလုပ်ပြီး ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့် DKBA မှဗိုလ်မှူးကြီးများ သန်းခေါင်စာရင်းနှင့်ပတ်သက်သည့်အကြောင်း များ တွေ့ဆုံဆွေးနွေးပြီး ဇန်န၀ါရီလလယ်ပိုင်းနှင့် ဖေဖော်ဝါရီလအစပိုင်းတို့တွင် ထိန်းချုပ်နယ်မြေများ အတွင်းရှိ ကျေးရွာများတွင် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်သည့် ဗဟုသုတများ၊ လ၀က ဘက်က ရှင်းပြမှုများရှိခဲ့သည်ဟု ဗိုလ်မှူးကြီးစောထွန်းထွန်းက ပြောပြသည်။

ပြည်လုံးကျွတ်သန်းခါင်စာရင်းမှာ မတ်လ၂၉ ရက်တွင် အိမ်တိုင်ရာရောက် လိုက်လံ စာရင်းကောက်ယူ မည်ဖြစ်သည်။

DKBA ထိန်းချုပ်နယ်မြေများမှာ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ မဲ့သလေ၊ ဘုရားသုံးဆူ၊ မြိုင် ကြီးငူ၊ မီဆိုင်းဒေသ၊ တောတွင်းရှိ ကျေးရွာများ၊ ကရင်ပြည်နယ်စပ်နှင့် ထိုင်းနယ်စပ်ဒေသများ ဖြစ်သည်။ ထိန်းချုပ်နယ်မြေရှိ ကျေးရွာများရှိ လူဦးရေအတိအကျကို DKBA မှ ကောက်ယူထားခြင်းမရှိသဖြင့် လ၀ က စာရင်းလိုက်လံကောက်ယူမှသာလျှင် မိမိတို့ထိန်းချုပ်နယ်မြေရှိ စာရင်းအတိအကျကို သိနိုင်မည်ဖြစ် သည်။

တိုင်းရင်းသားဒေသများတွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရန်တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ဆွေး နွေးပြီးဖြစ်သည်ဟုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က မဇိ္ဈမကို ပြောသည်။

“ကျွန်တော်တို့ဝန်ထမ်းတွေ မသွားနိုင်တဲ့နေရာတွေမှာ လက်နက်ကိုင်အဖွဲ့တွေက သူတို့တွေ လိုက် ကောက်ဖို့ ကူညီမယ်။ အဲဒီလိုကူညီမယ့်သူတွေကို ကျွန်တော်တို့က သင်တန်းပေးမယ်”ဟု ပြောသည်။

သင်တန်းများကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ရန်ကုန် လ၀ကရုံးချုပ်တွင် စတင်ပေးမည်ဖြစ်ပြီး ရုံးချုပ်တွင် သင်တန်းပေးပြီး တစ်ပတ်စီခြား၍ တိုင်းနှင့် ပြည်နယ်၊ မြို့နယ်၊ ထိုမှတစ်ဆင့် မြေပြင်သို့ စာရင်းလိုက် ကောက်မည့်သူများကို သင်တန်းပေးမည်ဖြစ်ကာ တိုင်းရင်းသားဒေသများမှ အဖွဲ့အစည်းဆိုင်ရာတို့ကို သန်းခေါင်စာရင်းမကောက်မီ ၁၀ ရက်အလိုမှသာ သင်တန်းစမည် ဖြစ်သည်။

Mizzima

No comments:

Post a Comment