address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 12, 2013

ကျုပ်နဲ့ ကရင်အမျိုးသားအာဇာနည်နေ့ ၂နေ့


12.8.2013

အဆန်းထွင်တာတော့မဟုတ်ပါဘူး၊ ကျုပ်မှာ တကယ်ကို ကရင်အမျိုးသားအာဇာနည်နေ့ ၂နေ့ရှိနေတာအ မှန်ပါ။ အခုထက်တိုင်ရှိနေတာပါ၊ ကိုယ်တိုင် လွမ်းသူ့ပန်းခွေမချ နိုင်ခဲ့ပေမယ့် ရင်ထဲမှာ ကရင့်အမျိုးသား အာဇာနည်တွေအတွက် အာဇာနည်နေ့ကိုအမြဲမပြတ်နှစ်စဉ်နှစ်တိုင်း၂ကြိမ်ကျင်းပနေလျှက်ပါ။ ပေါက်ပေါက် ရှာရှာ လျှောက်ပြောနေတယ်လို့ ထင်ကောင်းထင်ကြမယ့်လူ အတော်များများ ရှိနေမှာကတော့ အသေ အခြာ ပါ။ အာဇာနည်နေ့ဆိုတာကို တစ်နှစ်၂ခါ ကျင်းပတဲ့နိုင်ငံ ရှိလိမ့်မယ်လို့တော့မထင်ဘူး
ကျုပ်လည်းပဲ လူမှန်းသိတတ်စ အရွယ်တုန်းက အာဇာနည်နေ့ ဆိုတာကို တကြိမ်ပဲကျင်းပခဲ့ရာကနေ ကရင့်တော်လှန်ရေး နယ်မြေထဲကိုရောက်လာတော့လည်း တနှစ်ကိုတကြိမ်ပဲ ကျင်းပမြဲကျင်းပနေတာကို ကြုံ တွေ့သိရှိ ရပြန် တယ်။ ကျင်းပတဲ့ လ ကျင်းပတဲ့ ရက်တွေတော့ မတူကြပါဘူး။ ဇူလိုင်လ ၁၉ရက်နဲ့ သြဂုတ်လ ၁၂ရက်ဆိုပြီး ကွဲနေပါတယ်။ ဘာကြောင့်များ အခုလိုကွဲနေတာပါလိမ့် ဆိုတဲ့မေးခွန်းက ပေါ်လာလိုက် ပျောက် သွား လိုက်နဲ့ ဒီနေ့အထိအဖြေမရှိသေးပါဘူး။

အာဇာနည်ဆိုတာဘာလဲ။ အာဇာနည်ဆိုတာ အများရဲ့အကျိုး၊ မိမိအမျိုးသားများရဲ့ အကျိုးအတွက် ကိုယ် ကျိုးစွန့် အနစ်နာခံရင်း ဘ၀ တစ်ခုလုံးအပ်နှံပြီး တိုက်ပွဲဝင်ကျဆုံးသွားသူတွေအားလုံးကို အာဇာနည်လို့ သတ်မှတ်မော်ကွန်းတင်ကြပါ တယ်။ ဒါကြောင့်အများအကျိုး မိမိကရင်အမျိုးသားအကျိုးကို ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ကျဆုံးသွားခဲ့ကြရတဲ့ ကရင်အမျိုးသားအာဇာနည်တွေအတွက် တနှစ်ကို ၂ကြိမ်ဂုဏ်ပြုနေ တယ်လို့ ဆိုခဲ့တာပါ။ ဗမာ့အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူကျဆုံးသွားကြသူတွေထဲမှာ ကရင်အမျိုးသားခေါင်းဆောင် မန်း ဘခိုင် ပါဝင်ခဲ့တယ်ဆိုတာ အားလုံးသိပြီးသားပါ၊

သူကတော့ ၁၉၄၇ မှာကျဆုံးသွားတာဖြစ်ပြီး ကရင့်အမျိုး သားတော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး ကတော့ ၁၉၅၀ မှာကျဆုံးသွားရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အများအကျိုးအတွက် မိမိအမျိုးသား အကျိုး အတွက် စွန့်လွှတ်အနစ်နာခံရင်း ကျဆုံးသွားကြရသူတွေဖြစ်ပါတယ်။ စောဘဦးကြီးဟာကရင်အမျိုးသားရေး စိတ်ဓာတ် ထက်သန်တဲ့အတွက် ကြောင့် ဘုရင်ခံ ဆာဟူးဘတ်ရန်စ်လက်ထက်မှာ ၀န်ကြီးအဖြစ်ကနေနှုတ် ထွက်ခဲ့ပါတယ်။ သူသာ ၀န်ကြီး ဆက်ဖြစ်နေမယ်ဆိုလျင် မန်းဘခိုင်နဲ့အတူ အာဇာနည်ခေါင်းဆောင်တွေ စာရင်းထဲ ပါမယ့်သူဖြစ်ပါတယ်။

စောဘဦးကြီးဟာ ကိုယ့်အဖေကိုတောင် တရားပြန်စွဲခဲ့သူပါ၊ ရှေ့နေကောင်းတစ်ယောက်ဖြစ်သော်လည်းပဲ တရားရုံးကစီရင်ချက် ချတဲ့အခါမှာ သူ့ဖခင်ဘက်ကိုအနိုင်ပေးလိုက်တယ်လေ။ အိမ်ပြန်ရောက်တော့ ဖခင်နဲ့မျက်နှာချင်းဆိုင်ရင်း စောဘဦးကြီးက ဒီအမှုမှာ သူ့ဘက်က ဥပဒေကြောင်း လျှောက်လှဲချက်တွေ ဘယ်လောက်ခိုင်ခိုင်မာမာတင်ပြနိုင်ခဲ့ကြောင်း။ ဒါပေမဲ့တရားရုံးက ဆုံးဖြတ်ပုံမမျှတ ဘူးလို့ မကြေမ နပ် နဲ့ပြောသတဲ့။ အဲဒီအခါမှာ သူ့အဖေက “အေး မင်းလျှောက်လဲချက်တွေ အကုန်ပြည့်စုံပေမယ့်၊ လိုနေတာ တစ်ခုရှိတယ်၊ အဲဒါက အဲဒီတရားသူကြီး ကို ငါကျွေးထားသလို မင်းကျွေးမထားနိုင်ခဲ့ဘူးလေ” လို့ ခပ်အေးအေး ပြန်ပြောခဲ့တယ်လို့ မှတ်သားဘူးပါတယ်။

စောဘဦးကြီးအကြောင်းကတော့အင်တာနက်တွေပေါ်မှာရှာပြီးဘတ်မယ်ဆိုလျင်အကြောင်းအရာတော်   တော်များများနဲ့ဆက်စပ်ပြီး ဖေါ်ပြထားတာတွေ့နိုင်ပေမယ့် မန်းဘခိုင်ရဲ့ အကြောင်းကိုတော့ တွေ့ရခဲလှပါ တယ်။ စောဘဦးကြီးသာ ၀န်ကြီးအဖြစ်က နှုတ်မထွက်ခဲ့ဘူးဆိုလျင် ကျုပ်တို့ကရင်အမျိုးသားတွေရဲ့ ကရင် အာဇာနည်နေ့ဆိုတာ တမျိုးတဖုံများ ဖြစ်နေလေမလားလို့ တွေးမိပြန်ပါတယ်။ အာဇာနည် ကရင်အမျိုးသား မန်းဘခိုင်ကို ၁၂၆၅ခုနှစ်၊တန်ဆောင်မုန်းလဆန်း(၇)ရက်နေ့ (၂၆ အောက်တို ဘာ ၁၉၀၃) မှာမွေးဖွါး ခဲ့ တာဖြစ်ပြီး ဟင်္သာတမြို့ ကနေ ၁၅-မိုင်လောက်ဝေးတဲ့ ဟင်္သာတ-ပုသိမ် မီးရထား လမ်းပေါ်မှာရှိတဲ့ ယုန် သလင်းရွာ အဘ ရွာသူကြီး မန်းပေကုန်း၊ အမိ ဒေါ်ပုတို့ရဲ့ ငါးယောက် မြောက်သား ဖြစ်ပါတယ်။

ဟင်္သာတ အေဘီအမ် ကျောင်းမှာကျောင်းနေခဲ့ပြီး ၁၉၂၀မှာ ၇တန်းအောင်ပါတယ်။ ဗုဒ္ဓဘာသာကိုးကွယ် သူမန်းဘခိုင်ဟာ ဘားမားရိုင်ဖယ်တပ်မှာ အမှုထမ်းခဲ့ပေမယ့် မိဘသဘောမတူတာနဲ့ တပ်ကထွက်ပြီး ရန် ကုန်မြို့ အေစကော့ကုမ္ပဏီမှာအလုပ်လုပ်ခဲ့ပါတယ်။ ၁၉၂၆ မှာ မန်နေဂျာနဲ့ သဘောမတိုက်ဆိုင်လို့ အ လုပ်ကထွက်ပြီး မွေးရပ်ဇာတိကိုပြန်လာခဲ့ပါတယ်။ ပြီး တော့ ညီအစ်ကိုတွေစုပြီး အောင်ခင် ညီများ ကုမ္ပဏီ ဆိုတဲ့နာမည်နဲ့လုပ်ငန်းတစ်ခုထောင်ပြီး ရပ်သူရွာသား တွေသက်သာ ချောင်ချိရေးအတွက် သမဝါယ မ    န ည်းနဲ့ အရောင်းအဝယ်လုပ်ကိုင်ရင်း ကလေးသူငယ်များ ကရင်ဘာသာကို သင်ကြားနိုင်ရေးအတွက် မိမိ ကိုယ်တိုင်ငွေကုန်ကြေးကျခံပြီး ကျောင်းတစ်ကျောင်းဖွင့် ခဲ့ပါတယ်။

ကိုယ်တိုင် ကိုယ်ဖိရင်ဖိ စီမံအုပ်ချုပ်ပါတယ်။ အရောင်းအဝယ်ကိစ္စ၊ ကျောင်းကိစ္စတွေနဲ့ ရန်ကုန်မကြာ ခ ဏရောက်ရတာမို့ ကရင်ခေါင်းဆောင်ကြီးတွေ ဖြစ်ကြတဲ့ ဆစ်ဒနီ လူနီ၊ ဆရာကြီးမန်းရွှေဘ(ဆရာရွှေဘ) တို့နဲ့ တွေ့ဆုံဆွေးနွေးရာကနေ ကရင်လူငယ်အ သင်း ကို စပြီးဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ ၁၉၃၇ခုနှစ် ပုသိမ်မြောက်ပိုင်း အမတ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီး ၁၉၃၈-ခု မတ် လ ၂၃- ရက်နေ့မှာ ပဲခူးမြို့သူဌေးဦးဖောက်ရဲ့ သမီးထွေး ဒေါ်ခင်နီ နဲ့ လက်ထပ်ခဲ့ပါတယ်။ ၁၉၄၁-ခုနှစ်မှာ တရားရေး ဌာနဝန်ကြီး စောဖေသာရဲ့ အတွင်းဝန်ကလေး အဖြစ်ခန့်ထားခြင်းခံရပါတယ်။

အဲဒီအချိန်မှာ ငှက်ပျောခြံလုပ်တဲ့ ကရင်တွေသာရှိပြီး ကရင်အမျိုးသားပိုင် ငှက်ပျောပွဲရုံမရှိသေးတာကိုတွေး မိတဲ့ မန်းဘခိုင်ဟာ စစ်ကြီးအတွင်းမှာ ပုဇွန်တောင်ဈေး တံတားအနီး ငှက်ပျောပွဲရုံစပြီး ဖွင့်ခဲ့ပါတယ်။ ၁၉၄၄ နှစ်ဦးပိုင်းမှာ သူတို့ငှက်ပျောပွဲရုံပေါ်ဗုံးကျတဲ့အတွက် သူတို့မိသားစု ယုန်သလင်းရွာကိုပြန်ကြပြီး က ရင်လူငယ် တွေကိုစုစည်းပြီး ဖက်ဆစ်တော်လှန်ရေးကို စခဲ့ပါတော့တယ်။ ၁၉၄၅-ခုနှစ် စစ်အပြီး ကရင်လူ ငယ်များအစည်းအရုံး ဥက္ကဌအဖြစ် တင်မြှောက်ခံရပြီးတဲ့နောက် ၁၉၄၆ခုနှစ် စက်တင်ဘာလမှာ ဘုရင်ခံ အမှုဆောင် ဝန်ကြီးအဖွဲ့ ဖွဲ့စည်းဘို့ ဘုရင်ခံကလွှဲအပ်တဲ့အခါ မန်းဘခိုင်ဟာ စက်မှုလက်မှုနှင့် အလုပ်သမား ဌာန ဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပြန်ပါတယ်။

၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉-ရက်နေ့ ဝန်ကြီးအဖွဲ့အစည်းအဝေး ကျင်းပနေတုန်း လူတစုရဲ့လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရပါတယ်။ မန်းဘခိုင်ဟာ ကရင်အမျိုးသားတစ်ယောက်သလို စောဘဦးကြီးလည်း ကရင်အမျိုး သားတစ်ယောက်ပဲ မဟုတ်ပါလား။မန်းဘခိုင်ကိုလူသတ်သမားတွေကရက်ရက်စက်စက်ပစ်ခတ်သတ်  ဖြတ် သွားသလို ဗမာစစ်အစိုးရက လည်း စောဘဦးကြီးကို ရက်ရက်စက်စက် ပစ်သတ်သွားတာပဲ မဟုတ်ပါလား။ သူတို့နှစ်ဦးစလုံးဟာ သူတို့ရဲ့ဘ၀ သူတို့ရဲ့အသက်တွေကိုမငဲ့ပဲ အများရဲ့အကျိုး၊ မိမိအမျိုးသားများရဲ့ အ ကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံရင်း ဘ၀တစ်ခုလုံးအပ်နှံပြီး တိုက်ပွဲဝင်ကျဆုံးသွားကြသူတွေမဟုတ် ပါ လား။ ဒီတော့ ကျုပ်အနေနဲ့ တနှစ်ကို ကရင်အမျိုးသားအာဇာနည်နေ့ ၂ကြိမ်ကျင်းပနေတာဟာ အဓိ ပ္ပါယ် မဲ့မဟုတ် လောက်ဘူးလို့ ယူဆပါတယ်။

ကျုပ်တို့အတွက် အသက်ပေးသွားကြတဲ့ ကရင်အမျိုးသားခေါင်းဆောင်တွေ အထောင်အသောင်းတို့ရဲ့ အိမ် မက် ကဘာတွေလဲ၊ ရည်ရွယ်ချက်တွေက ဘာလဲ၊ ရည်မှန်းချက်တွေက ဘာလဲ။ သူတို့အိမ်မက်တွေဟာ သူ တို့ကိုယ်ကျိုးအတွက် ဟုတ်ချင်မှဟုတ်လိမ့်မယ်။ သေချာတာက အများအတွက် ဆိုတာ ဘယ်လိုလူမျိုးမှ မငြ င်းနို င်ပါဘူး။

အဲဒီလို အများအကျိုးအတွက် မိမိအမျိုးသားတွေအတွက် အသက်စတေးခဲ့ကြသူတွေ အထောင်အသောင်း ရဲ့အသက်တွေကို အခုလိုစာကြောင်းတစ်ကြောင်းလေးရေးလိုက်ရုံ တနှစ်တခါလွမ်းသူ့ပန်းခွေချလိုက်ရုံ နဲ့ သူတို့ကျေးဇူးကိုသိတတ်တယ် လို့ ပြောလို့မရနိုင်ပါဘူး။ သူတို့တတွေရဲ့ အိမ်မက်ကို ဆက်လက်အကောင် အထည်ဖေါ်ရမယ်၊ သူတို့ရည်မှန်းချက်အတိုင်း ညီညီညာ ညာ အားကြိုးမာန်တက် ကြိုးစားကြရမယ်။

အခုကျုပ်တို့လုပ်နေတဲ့အလုပ်တွေဟာကရင်အမျိုးသားခေါင်းဆောင်ကြီးတွေမက်ခဲ့တဲ့အိမ်မက်ကိုလက် တွေ့ အကောင်အထည်ဖေါ်နေတာလား။ဒါမှမဟုတ် သူတို့တတွေရဲ့ အိမ်မက်ကို ရိုက်ချိုးပစ်နေတာများလား ဆို တာ ကရင်အမျိုးသား အာဇာနည်နေ့နဲ့အတူ ရဲရဲတင်းတင်း သုံးသပ်တွေးတောနိုင်မယ့် စိန်ခေါ်မှုမျိုး လို အပ်နေပြီလို့ ထင်မြင်မိကြောင်းပါ။

အာဇာနည်များအား ဦးညွှတ်လျှက်

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အချက်အလက်များရယူရာ နေရာများ
အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင် နှင့် ကရင်တိုင်းရင်းသားတို့၏ ဖက်ဆစ်တော်လှန်ရေးမှတ်တမ်း
http://www.hotnewsweekly.com/
မန်းဘခိုင် http://8888goldfingers.blogspot.com/
စာဘဦးကြီး၏ ဘ၀တစ်စိတ်တစ်ပိုင်း http://amayeainn.blogspot.com/

No comments:

Post a Comment