address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 7, 2013

တရုတ်နယ်စပ် ကချင်ဒုက္ခသည်စခန်း ဆေးဝါးအရေးပေါ်လို


7.10.2013

တရုတ်-မြန်မာ နယ်စပ်ရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ဇိုင်းအောင် (Zai Awng) ကချင်ဒုက္ခသည် စခန်းတွင် လူ ၂၀၀ ကျော် ဖျားနာ၍ ဆေးဝါးများ အရေးပေါ် လိုအပ်နေသည်ဟု စခန်းတာဝန်ခံ ဆရာဆင်ဝါးက The Voice သို့ ပြောကြားသည်။

ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် စက်တင်ဘာလ တတိယပတ်ခန့်မှစ၍ လူကြီးနှင့် ကလေးများပါ ဖျားနာကြပြီး လူနာအားလုံးမှာ နှာစေး၊ ချောင်းဆိုး၊ အဖျားတက်သည့် လက္ခဏာများကို ကြုံတွေ့နေရ ကြောင်း ၎င်းကရှင်းပြသည်။
“လောလောဆယ် ကေအိုင်အိုနဲ့ ကေဘီစီ (ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်) က ကူညီထားတဲ့ ဆေးတွေ ရှိပေမယ့် လူနာများလွန်းတော့ ဆေးက အလျဉ်မမီနိုင်ဖူး ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

ယခင်နှစ်က ယင်းကဲ့သို့ နှာစေး၊ ဖျားနာခြင်း ဖြစ်ပွားခဲ့သော်လည်း လက်ရှိ အခြေအနေကဲ့သို့ မဆိုးရွားကြောင်း ၎င်းကဆိုသည်။

မုန်ဂဇွန်ဟုလည်းခေါ်သော ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၆၄၀ ရှိပြီး လူဦးရေ ၂၄၃၀ ရှိသည်ဟု ကေအိုင်အိုက ကောက်ယူထားသော စာရင်းများအရ သိရသည်။

တရုတ်-မြန်မာနယ်စပ်ရှိ ကေအိုင်အေ ထိန်းချုပ်နယ်အတွင်း လိုင်ဇာမြို့နှင့် အနီးတစ်ဝိုက် ကချင် စစ်ဘေးဒုက္ခသည် စခန်းများကို ကုလသမဂ္ဂက ၂ နှစ်အတွင်းတွင် အစားအသောက်နှင့် လိုအပ်သည်များ ပံ့ပိုးပေးထားပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ရေးဌာနက တရားဝင် ထုတ်ပြန်ထားသည်။

ဒိန်းမတ် ဒုက္ခသည်များကောင်စီ (Danish Refugee Council –DRC) ကလည်း သွားလာရန် ခက်ခဲသည့် တရုတ်နယ်စပ် လိုင်ဇာမြို့အနီးရှိ ဒုက္ခသည်စခန်း သုံးခုကို အစားအသောက်နှင့် အခြားလိုအပ်သည်များ ကူညီမည် ဖြစ်ကြောင်း DRC က စက်တင်ဘာလ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

တရုတ်-မြန်မာ နယ်စပ် တစ်လျှောက်တွင် ကချင်ဒုက္ခသည်စခန်း ၂၀ ကျော်ရှိပြီး ဒုက္ခသည်ပေါင်း သုံးသောင်းနီးပါး ရှိကြောင်း ကေအိုင်အို၏ စာရင်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment