‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP အခြေစိုက်ရာ ပန်ဆန်းမြို့၌
အောက်တိုဘာလ ၄ ရက်နေ့တွင် ပြုလုပ်သော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်
ရပ်စဲရေးအတွက် အကြိုညှိနှိုင်းပွဲတွင် UWSP ဥက္ကဋ္ဌ ဦးကျောက်ညီလိုင်း၏
ပြောကြားချက်ကို ကိုးကား၍ ဦးစိုင်းပေါင်းနပ်က အထက်ပါအတိုင်း The Voice
သို့ ပြောကြားသည်။
“UWSP ပြောတာက ‘ဝ’ ကို ပြည်နယ်အဖြစ် မသတ်မှတ်ပေးရင်
လက်မှတ် မထိုးဘူးပြောတယ်။ နောက် လက်နက်ကိုင်တစ်ဖွဲ့ဖွဲ့ အပစ်ရပ်ဖို့
ကျန်နေရင် လက်မှတ်မထိုးဘူးလို့ တောင်းဆိုတယ်” ဟု ဦးစိုင်းပေါင်းနပ်က
ဆိုသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး
လက်မှတ်ရေးထိုးနိုင်ရန် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား
လိုအပ်သည့် အပေးအယူကိစ္စရပ်များ အပြန်အလှန် တောင်းဆိုသည်မှာ
နည်းလမ်းကျကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက
မှတ်ချက်ပြုသည်။
“အပြန်အလှန်ပေါ့။ သူတို့ လိုအပ်ချက်တွေပေးရင်
လက်နက်ကိုင် အဖွဲ့အစည်းကိုလည်း တပ်မတော်ရဲ့အောက်မှာ တစ်စုတည်း တစ်ဖွဲ့တည်း
နေနိုင်မလား ဆိုတာမျိုးပေါ့” ဟု ၎င်းက ဆိုသည်။
UWSP နှင့်
အစိုးရတို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရေး
အကြိုဆွေးနွေးပွဲတွင် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်
သန်းခေါင်စာရင်း ကောက်ယူရေး၊ အစိုးရ၏ နယ်စပ်စည်ပင် ဝန်ထမ်းများ
နယ်မြေအတွင်း တာဝန်ချထားရေးနှင့် ‘ဝ’ ဒေသအတွင်းသို့ အခြားပြည်နယ်များမှ
အလုပ် လုပ်ကိုင်နိုင်ရေး တို့ကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း
ဦးစိုင်းပေါင်းနပ်က ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲကို ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်
UWSP ဥက္ကဋ္ဌ ဦးကျောက်ညီလိုင်းတို့ တက်ရောက်ခဲ့ကြသည်။
‘ဝ’ ပြည်
သွေးစည်းညီညွတ်ရေး ပါတီသည် ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံပွဲတွင်
အခြေခံဥပဒေ ပြင်ဆင်ရာ၌ ‘ဝ’ ကိုယ်ပိုင် အုပ် ချုပ်ခွင့်ရ ဒေသကို ‘ဝ’
ပြည်နယ်အဖြစ် ပြောင်းလဲ သတ်မှတ်ပေးရန် တောင်းဆိုထားသည်။
The Voice Weekly
No comments:
Post a Comment