အဆိုပါ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးအတွက် NCCT က ဦးဆောင် ရေးဆွဲထားသော
တိုင်းရင်းသား လက်နက်ကိုင်များ၏ စာချုပ်နှင့် အစိုးရက ရေးဆွဲထားသည့်
စာချုပ်ကို ဘားအံတွင် ကျင်းပမည့် အစိုးရနှင့် လက်နက်ကိုင်များ
ဆွေးနွေးပွဲတွင် ပြန်လည် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း UNFC က ဆိုသည်။
ုကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့၌ အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂
ရက်နေ့အထိ ကျင်းပသည့် လက်နက်ကိုင် ထိပ်သီးညီလာခံတွင် နိုင်ငံလုံးအဆင့်
အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက် တစ်ရပ် ချမှတ်နိုင်ခဲ့သော်လည်း
တိုင်းရင်းသား လက်နက်ကိုင်များ အကြား၌ ချမှတ်သည့် စာချုပ်တစ်ရပ်သာ
ဖြစ်သောကြောင့် အစိုးရနှင့် နှစ်ဖက်သဘောတူ ချုပ်ဆိုမည့် စာချုပ်ကို NCCT က
ဦးဆောင် ရေးဆွဲ၍ အဆိုပြုမည် ဖြစ်ကြောင်း နိုဝင်ဘာ လ ၁၂ ရက်နေ့တွင် UNFC က
ထုတ်ပြန်ခြင်း ဖြစ်သည်။
နိုင်လုံးအဆင့် အပစ်အခတ်
ရပ်စဲရေးဆိုင်ရာ လိုင်ဇာ သဘောတူညီချက်ကို နိုဝင်ဘာလ ၄ ရက်နေ့က ပြုလုပ်သည့်
မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ တိုင်းရင်းသား အဖွဲ့များက
အစိုးရထံ ပေးအပ်ခဲ့ပြီး အစိုးရကလည်း အပစ်အခတ် ရပ်စဲရေး နှစ်ဖက်
သဘောတူစာချုပ် တစ်ရပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ
ပေးပို့ထားကြောင်း၊ ယင်းသဘောတူညီချက် စာချုပ်များကို ဘားအံမြို့၌
ဒီဇင်ဘာလအတွင်း ကျင်းပမည့် ဆွေးနွေးပွဲတွင် ထပ်မံ ညှိနှိုင်းရမည်
ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေး
ဦးလှမောင်ရွှေက ပြောကြားသည်။
“ခုသူတို့ ရေးမယ်ဆိုတဲ့ နှစ်ဖက်သဘောတူ စာချုပ်ကိုလည်း ဆက်ဆွေးနွေး ရမှာပေါ့” ဟု ၎င်းက ဆိုသည်။
လိုင်ဇာ ညီလာခံသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ရာနှုန်းပြည့်
အောင်မြင်သည့် ဆွေးနွေးပွဲတစ်ရပ် ဖြစ်ပြီး ယင်းဆွေးနွေးပွဲအတွက် အစစအရာရာ
အကူအညီပေးသော သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး အဖွဲ့များမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို လက်တွေ့
ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း UNFC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား နိုင်ငံလုံးအဆင့်
အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ၂၀၁၃ ခုနှစ်အတွင်း ချုပ်ဆိုမည်ဟု သမ္မတ
ဦးသိန်းစိန်က ပြောကြားထားသော်လည်း နှစ်ဖက် အပြီးသတ် သဘောတူညီမှု မရရှိသေးဘဲ
ဒီဇင်ဘာလအတွင်း KNU နယ်မြေနှင့် ဘားအံမြို့တို့တွင် ဆွေးနွေးပွဲများ
ထပ်မံပြုလုပ်မည် ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment