address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 14, 2013

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေး အင်အားစုများအား တွေ့ဆုံရန် အတိုက်အခံ NLD ပါတီအပါအ၀င် နိုင်ငံရေးပါတီများ ထိုင်းနိုင်ငံ ချင်းမိုင်သို့ သွားရောက်မည်


14.11.2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ချင်းမိုင်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများအား တွေ့ဆုံရန် အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အပါအ၀င် နိုင်ငံရေး ပါတီများသည် နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း Myanmar Peace Center မှ ဦးအောင်နိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ခရီးစဉ်အား သွားရောက်ရန် နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲတွင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက နိုင်ငံရေး ပါတီများကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

"အဓိကကတော့ ကျွန်တော်တို့ နိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ကြတော့မယ်။ လက်နက်ကိုင် အင်အားစုတွေကလည်း အရေးကြီးတဲ့ ဒိုင်ယာလော့ ပါတနာတွေပေါ့ဗျာ။ ဒီဘက်မှာရှိတဲ့ နိုင်ငံရေး ပါတီတွေကလည်း ဒိုင်ယာလော့ ပါတနာတွေပဲ။ ဆိုတော့ ဒီလိုဒိုင်ယာလော့ ပါတနာဖြစ်မယ့် သူအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့ သိဖို့ရင်းနှီးဖို့ တစ်ယောက်ရဲ့ အခက်အခက်အခဲကို တစ်ယောက်သိဖို့။ နိုင်ငံကြီးတစ်ခုလုံး အပြောင်းအလဲအတွက် ဘယ်လိုဆက်ပြီးတော့ ရှေ့ကို ဆောင်ရွက်သွားနိုင်မလဲဆိုတဲ့ စဉ်းစားချက်တွေ ရင်းနှီးမှုတွေ ရအောင်လို့ သွားလုပ်တဲ့ သဘောပါ"ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

နိုင်ငံရေး ပါတီများ၏ အဆိုပါခရီးစဉ်တွင် သွားရေးလာရေး အဆင်ပြေစေရန်အတွက် Myanmar Peace Center မှ တာဝန်ရှိသူများက လိုက်ပါ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တွေ့ဆုံမှုများတွင် MPC အနေဖြင့် ပါဝင်သွားမည် မဟုတ်ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

နိုင်ငံရေး ပါတီများ၏ ထိုင်းနိုင်ငံ ချင်းမိုင်ခရီးစဉ်နှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက "အကြောင်းအရာကတော့ MPC က လူတွေကို ဖုန်းနဲ့ စကားပြောကြည့်တော့ သူတို့က အဲဒီအဖွဲ့အစည်းတွေနဲ့ မိတ်ဆက်တဲ့ သဘောပဲ။ ဆွေးနွေးဖို့ မဟုတ်ဘူး။ မိတ်ဆက်တဲ့ အနေနဲ့ ပို့ပေးတာ။ အဲဒီတော့ NLD က သွားဖို့ အစီအစဉ်ရှိတယ်။ သွားဖြစ်ရင်တော့ ကျွန်တော်သွားဖြစ်ဖို့ များပါတယ်" ဟု ပြောကြားသည်။

နိုင်ငံရေး ပါတီများအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် မည်သည့် အကြောင်းအရာကိုမဆို ဆွေးနွေးနိုင်ကြောင်း၊ ကန့်သတ်ချက် မရှိကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက နိုင်ငံရေးပါတီများအား ချင်းမိုင်ခရီးစဉ် ဖိတ်ကြားစဉ်က ထည့်သွင်း ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment