address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, November 18, 2013

မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှုမှာ ၁၅ ရာခိုင်နှုန်း အောက်တွင်သာ ရှိနေပြီး နှစ်စဉ်ခွေးကိုက်ခံရသူ ဦးရေ ခြောက်သိန်းခန့် ရှိနေ




18.11.2013

လက်ရှိ မြန်မာနိုင်ငံတွင် ခွေးကောင်ရေ လေးသန်းခန့် ရှိနေကြောင်းနှင့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှုမှာ ရာခိုင်နှုန်း ၁၅ အောက်တွင်သာ ရှိနေကြောင်း ခွေးရူးပြန်ရောဂါ ကုသရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် နှစ်စဉ်ခွေးကောင်ရေ တိုးပွားမှုမှာ ရာခိုင်နှုန်း ၂၀ ခန့် ရှိနေကြောင်းနှင့် နှစ်စဉ်ခွေးကိုက်ခံရသူ ဦးရေမှာ ခြောက်သိန်းခန့် ရှိနေကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုတွင် မြန်မာနိုင်ငံ၌ ခွေးများတွင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ပမာဏမှာ တစ်ရာခိုင်နှုန်း အောက်တွင်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ရာခိုင်နှုန်း ၁၅ ခန့် ရှိနေပြီဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင်များက ခန့်မှန်းထားကြသည်။

လက်ရှိတွင်နှစ်စဉ်ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး အသုံးပြုမှုမှာ နှစ်သိန်းခွဲဝန်းကျင် ရှိနေပြီး၊ မြို့ပြတွင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ပမာဏမှာ ရာခိုင်နှုန်း ၂၀ ခန့် ရှိနေပြီး ကျေးလက်ဒေသ များတွင်မူ ငါးရာခိုင်နှုန်းသာ ရှိနေကြောင်းနှင့် လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ခွေးကောင်ရေ စုစုပေါင်း တစ်သိန်းခန့် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခွေးရူးရောဂါ အဖြစ်များဆုံးမှာ ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးမထားသည့် ခွေးများဖြစ်ကြောင်းနှင့် အထူးသဖြင့် အိမ်မွေးခွေးများထက် ခွေးလေခွေးလွင့်များတွင် အဖြစ်များကြောင်းနှင့် အဆိုပါ ခွေးများမှာ စားသောက်ပစ္စည်း စွန့်ပစ်မှုများသည့် စားသောက်ဆိုင်များ၊ ဈေးများ၊ အမှိုက်ပုံများတွင်လည်း နေထိုင်လေ့ ရှိကြောင်းနှင့် ခွေးလေခွေးလွင့် တိုးပွားမှု ပမာဏမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာကြောင်း သိရသည်။

ယင်းကဲ့သို့ ခွေးလေခွေးလွင့်များ တိုးပွားလာမှုနှင့်အတူ ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုလည်း များပြားလာပြီး ရောဂါပိုး ပျံ့ပွားမှုနှုန်းမှာလည်း ယခင်နှစ်များထက် သိသိသာသာ မြင့်တက်လာကြောင်းနှင့် ယင်းကဲ့သို့ မြင့်တက်လာမှုအပေါ် ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်စွမ်းမှာလည်း အားနည်းနေသေးကြောင်း တိရစ္ဆာန်ဆေးကု ဆရာဝန်များ၏ ပြောကြားချက်အရ သိရသည်။

"မွေးကုဦးစီးဌာန အနေနဲ့ကတော့ တစ်နှစ်တစ်ကြိမ် ကမ္ဘာ့ခွေးရူးပြန် ရောဂါနေ့မှာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးတာမျိုးတော့ ရှိတယ်။ ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုနှုန်းတွေ ကျဆင်းဖို့က ကာကွယ်ဆေး တစ်ခုတည်း ထိုးနေလို့ မရဘူး။ ခုချိန်မှာက ခွေးလေခွေးလွင့်တွေကလည်း အရမ်းများတဲ့အတွက် အဲဒီခွေးတွေရဲ့ ပေါက်ဖွားတိုးပွားမှုနှုန်းကို ထိန်းချုပ်ဖို့ နည်းလမ်းတွေလည်း လိုအပ်တယ်" ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေး ဌာနစိတ်မှ ဒေါက်တာကျော်နိုင်ဦးက ပြောကြားသည်။

ထို့ပြင် ခွေးကိုက်ခံရသူတိုင်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးရန် လိုအပ်သော်လည်း ပြည်တွင်း၌ နှစ်စဉ်ဆေးထုတ်လုပ်မှုမှာ ၁၇၀၀၀ သာ ရှိသည့်အတွက် လူဦးရေ ၁၀၀၀ ကိုသာ ကာကွယ်ဆေး ထိုးပေးနိုင်ကြောင်းနှင့် ယခုနှစ်မှ စတင်ကာ ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် အာနိသင် ပိုမိုကောင်းမွန်သည့် ပြည်ပမှ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ ဒေသန္တရ ဆေးခန်းများတွင် ဖြန့်ဖြူးပေးထားပြီးဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာက နှစ်တိုင်းခွေးကိုက်မှုက ခြောက်သိန်းရှိတယ်။ ခွေးကိုက်မှုတိုင်းမှာ ဆေးကထိုးသင့်တယ်။ ဘာလို့လဲဆိုရင် လူမှာ ခွေးရူးပြန်ရောဂါ ဖြစ်ပွားရင် သေဆုံးမှုနှုန်းက ၁၀၀ ရာခိုင်နှုန်းကို ရှိတယ်။ အဲဒီအတွက် လူခြောက်သိန်းကို ကာကွယ်ဆေး ထိုးပေးဖို့ လိုတယ်။ လူတစ်ယောက်ကို ငါးလုံးထိုးပေးမယ်ဆိုရင် အလုံးရေ သုံးသန်းလောက် လိုမှာဖြစ်ပေမယ့် လက်ရှိဆေးလုံးရေ ၃၀၀၀ လောက်ပဲ ထိုးပေးနိုင်သေးတယ်" ဟု ပါမောက္ခ ဒေါက်တာချစ်စိုးက ဟောပြောပွဲတစ်ခုတွင် ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment