address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, November 19, 2013

တိုင်းရင်းသားဒေသများရှိ ဒုက္ခသည်များအတွက် အမေရိကန်အစိုးရ ကန်ဒေါ်လာ ၂၅သန်း ထောက်ပံ့



19.11.2013

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများမှ ရွှေ့ပြောင်းဒုက္ခသည်(IDP)များ၏ လူသားခြင်း စာနာမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန် အမေရိကန်အစိုးရမှ ကန်ဒေါ်လာ ၂၅သန်း ထောက်ပံ့မည့်အပေါ် နိုင်ငံရေးနှင့် တိုင်းရင်းသားအရေး ဆောင်ရွက်သူများက ကြိုဆိုလိုက်သည်။

အမေရိကန်အစိုးရမှ ကချင်၊ ရခိုင်နှင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ရှမ်း၊ ကရင်၊ကယားနှင့် မွန်ပြည်နယ်တို့တွင် ရှိသော ရွှေပြောင်းဒုက္ခသည် IDPများအတွက် အမေရိကန်ဒေါ်လာ ၂၅သန်းကို ထောက်ပံ့မည်ဟု နိုဝင်ဘာလ ၁၈ရက် နေ့စွဲဖြင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်လိုက်သည်။

သို့သော် ယင်းထောက်ပံ့မှုကို မည်သည့်အချိန်တွင် စတင်ထောက်ပံ့မည်ကိုမူ ထုတ်ပြန်ချက်တွင် ပြောကြားထားခြင်းမရှိပေ။

“ဒါဟာ အင်မတန်ကောင်းပါတယ်။ ဒီ့ထက်မကကို ပိုထောက်ပံ့သင့်ပါတယ်။ ဒီဟာက တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကယ်ဆယ်ရေးလုပ်ငန်းဆိုတာ ၂၅သန်းဆိုတာ ကောင်းပေမယ့်လည်း ဘယ်လိုပဲပြောပြော သိပ်ကြာကြာခံမှာမဟုတ်ဘူးလေ။ ဆရာမတို့ အတွေ့အကြုံအရ ဆိုရင်တော့ အထူးဆင်းရဲပြီး ချို့တဲ့တဲ့နေရာတွေကို ပိုပေးသင့်တာပေါ့"ဟု နိုင်ငံတော်သမ္မတ အကြံပေးကောင်စီ အဖွဲ့ဝင်လည်းဖြစ် ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဒေါက်တာဒေါ်ရင်ရင်နွယ်က မဇ္ဈိမကို ပြောသည်။

အမေရိကန်အစိုးရက ကချင်ဒေသနှင့် ရခိုင်ဒေသရှိDPများအတွက် အစားအသောက်၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အထောက်အပံ့ ပေးမည်ဖြစ်သည်။ ထို့အပြင် ကချင်ဒေသတွင် တဲအိမ်များ၊ အိမ်ရာများ ပြန်လည်တည်ဆောက်ပေးပြီး ရခိုင်ဒေသအတွက်မူ ကလေးငယ်များကို ဖြည့်စွက်အာဟာရ တိုက်ကျွေးခြင်း၊ အလွန်အမင်း အဟာရချို့တဲ့ခြင်းများကို ကူညီခြင်းအပါအဝင် ကျန်းမာရေးလိုအပ်ချက်များအတွက် ထောက်ပံ့ပေးမည်ဟု အမေရိကန်သံရုံးက ဆိုသည်။

ကချင်ပြည်နယ်၏ လက်ရှိလိုအပ်ချက်နှင့် ပတ်သက်၍ "ကျွန်မတို့လိုအပ်ချက်တွေကတော့ ပြောရမယ်ဆိုရင် အင်မတန်မှများပါတယ်။ ဘာကိုဦးစားပေးပြီး ယူရမလဲဆိုတာတောင်မှ ပြောရတာ အရမ်းကိုခက်ပါတယ်။ နံပါတ်တစ်ကတော့ စားဖို့နဲ့နေဖို့ပေါ့"ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်ကို တည်ထောင်သူ ဒေါ်ခွန်ဂျာက မဇ္ဈိမကိုပြောသည်။

ဒေါက်တာ ဒေါ်ရင်ရင်နွယ်ကလည်း "ရခိုင်ကတော့ ရခိုင်တစ်ပြည်လုံး ထောက်ပံ့ဖို့လိုတယ်။ ရခိုင်တစ်ပြည်လုံးက တော်တော်လေးကို ဆင်းရဲနေတယ်။ ဆရာမတို့ တိုင်းပြည်မှာ။ ဒါပေမယ့် ချေးငွေအကန့်အသတ်ရှိတဲ့အတွက်ကြောင့် လောလောဆယ်တော့ IDPတွေပေါ့။ IDPကို အချိုးကျပေး၊ နောက်IDPတင်မကဘူး။ IDPဘေးမှာရှိတဲ့ ဆင်းရဲတဲ့ ရခိုင်ရွာတွေကိုပါ ပေးဖို့လိုတယ်"ဟု သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ရှမ်း၊ ကရင်၊ကယားနှင့် မွန်ပြည်နယ်တို့တွင် ရှိသော ရွှေပြောင်းဒုက္ခသည် IDPများ နေရပ်သို့ ပြန်လည်နေထိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်းများ ဖန်တီးပေးခြင်းများကို ဆောင်ရွက်ပေးမည်ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအထောက်အပံ့များကို နိုင်ငံတကာ အလှူရှင်များ ပြည်ထောင်စုအစိုးရအဖွဲ့များနှင့် ပူးပေါင်းကာ NGO များနှင့် ကုလသမဂ္ဂအဖွဲ့များသို့ ထောက်ပံ့မည်ဖြစ်သည်။

"အမေရိကန်သံရုံးက ပြည်သူလူထုဆီကို တိုက်ရိုက်ပေးမယ်ဆိုရင်တော့ ထိရောက်ပါတယ်။ သို့သော်လည်းပဲ ကြားကနေ အင်တာနေရှင်နယ်အဖွဲ့အစည်းတွေက ပေးမယ်ဆိုရင်တော့ ဒီအဖွဲ့အစည်းတွေက ဘယ်လောက် အတိုင်းအတာအထိ ကျွမ်းကျင်လိမ္မာမှုရှိလဲ။ မြန်မာနိုင်ငံ စစ်ပွဲဒေသအခြေအနေကို သိသလဲဆိုတာပေါ် မူတည်ပြီး ထိရောက်မှုက ကွာပါလိမ့်မယ်။ လောလောဆယ် မြန်မာနိုင်ငံက မတတ်နိုင်တဲ့အပေါ်မှာ သူတို့အနေနဲ့ ကူတာက လုံးဝမရှိတာထက်စာရင် ရှိတာက ကွာခြားပါတယ်"ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်ကို တည်ထောင်သူ ဒေါ်ခွန်ဂျာက သုံးသပ်သည်။

တိုင်းရင်းသားဒေသများရှိ ရွှေ့ပြောင်းဒုက္ခသည်များအား ထောက်ပံပေးခြင်း ကောင်းမွန်သည့် လုပ်ရပ်ဖြစ်ပြီး ယင်းသို့ ထောက်ပံ့ရာတွင် IDPများ၏ ဘဝရပ်တည်ရေး၊ စားဝတ်နေရေး၊ အမိုးအကာ၊ အဝတ်အထည်၊ ကျန်းမာရေးကဏ္ဍများအတွက် လိုအပ်ချက်များအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မိသားစုများနှင့် နေရပ်ပြန် IDPများအတွက် အိမ်ရာဆောက်လုပ်ပေးခြင်းများလည်း လိုအပ်သည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးက ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်၌ ဒုက္ခသည်စခန်းပေါင်း ၁၀၀ကျော်ရှိပြီး ရွှေ့ပြောင်းဒုက္ခသည် ၁၂၀,၀၀၀ခန့်ရှိသည်။ ရခိုင်ပြည်နယ်တွင်မူ ၂၀၁၃ခုနှစ် မတ်လအထိ စာရင်းများအရ ၁၂၅,၀၀၀ရှိပြီး အရှေ့တောင်ပိုင်းဒေသများ( ရှမ်း၊ ကရင်၊ ကယားနှင့် မွန်ပြည်နယ်)တွင်မူ ၂၀၁၃ ဖေဖော်ဝါရီလအထိ ၂၅၀,၀၀၀ ရှိသည်ဟု နိုင်ငံတကာ ရွှေ့ပြောင်းဒုက္ခသည်များ စောင့်ကြည့်ရေးစင်တာ (IDMC)၏ စာရင်းများတွင် ဖော်ပြထားသည်။

မဇ္ဈိမ

No comments:

Post a Comment