address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, November 4, 2013

အပစ်အခတ် ရပ်စဲထားသော ဒေသများ၏ လူနေမှုဘဝ အစီရင်ခံစာ ထုတ်ပြန်

4.11.2013

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများရှိ အပစ်အခတ် ရပ်စဲထားသော ကျေးရွာနှစ်ရာကျော်က ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ဆင်းရဲမွဲတေမှု အခြေအနေများ အကြောင်း ကွင်းဆင်း ပြုစုထားသော အစီရင်ခံစာ တစ်စောင်ကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ အခြေစိုက် နယ်စပ် အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC,The Border Consortium) က တရားဝင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ၏ ဆင်းရဲနွမ်းပါးမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုနှင့် ဒေသန္တရ အုပ်ချုပ်ရေး အစီရင်ခံစာကို TBC နှင့် အရပ်ဘက် အဖွဲ့အစည်း ၁၁ ဖွဲ့တို့က ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးတို့ရှိ ကျေးရွာပေါင်း ၂၀၉ ရွာတွင် ကောက်ယူထားသော စစ်တမ်းများအပေါ် အခြေခံထားသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ၏ နောက်ဆက်တွဲ ပြဿနာ များနှင့် ပဋိပက္ခ ဒေသများတွင် စည်းစနစ်မကျ လုပ်ကိုင်နေသော စီးပွားရေး ရင်းနှီးမြှုပ်နှံမှု များကြောင့် စီးပွားရေး၊ လူမှုရေးနှင့် အခြားနစ်နာ ဆုံးရှုံးမှုများကို ဝေဖန် ထောက်ပြ ထားကြောင်း နယ်စပ် အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဒီလို အပစ်အခတ် ရပ်ဆိုင်းခဲ့လို့ လယ်သမားတွေ ကိုယ့်လယ်ယာမြေတွေကို ပြန်သွားပြီး လုပ်ကိုင်နိုင်လို့ စားနပ်ရိက္ခာ ဖူလုံခဲ့ပေမယ့် မြေယာ အသိမ်းခံရတာတွေလည်း ဖြစ်လာစေတယ်” ဟု TBC ၏ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စဆယ်လီသွန်မ်ဆင်က ပြောကြားသည်။

အဆိုပါ အစီရင်ခံစာ၏ ဆင်းရဲ မွဲတေမှု ခေါင်းစဉ်အောက်တွင် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ၊ လက်နက်ကိုင် တိုက်ပွဲများကြောင့် နေရပ်ပြန်လာရန် အခက်အခဲဖြစ်ပြီး ခိုလှုံစရာနေရာ ရှားပါးမှုများ၊ ရေမလုံလောက်မှုများ၊ ပညာသင်ကြားရန် စာသင်ကျောင်းနှင့်ဆရာ၊ ဆရာမ မရှိခြင်းများအပြင် ငှက်ဖျားရောဂါ ကူးစက်မှု ထိန်းချုပ်ရန် လိုအပ်ချက်များကိုလည်း ဖော်ပြထားသည်။

ယင်းအပြင် နေရပ်စွန့်ခွာ ထွက်ပြေးမှုနှင့် ဒေသန္တရအုပ်ချုပ်ရေး ခေါင်းစဉ်အောက်တွင်လည်း နေရပ် ကို ပြန်လာလိုသူများအတွက် မြေမြှုပ်မိုင်းများနှင့် အပစ်အခတ် ရပ်စဲထားသော်လည်း မတည်ငြိမ်သော အခြေအနေများကြောင့် မပြန်လာရဲသော ဒေသခံများ၏ အခြေအနေကို ကွင်းဆင်း လေ့လာခဲ့သည်။

TBC ၏ အစီရင်ခံစာ မထွက်မီ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထိုင်းနိုင်ငံ အခြေစိုက် ကချင် အမျိုးသမီးအသင်းက ကချင်ဒေသခံတို့၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့် ရရေးတို့အတွက် ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment