address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, February 12, 2014

မြဝတီနှင့် ကော့သောင်းတွင် လူကုန်ကူးခံရသူများ စောင့်ရှောက်ရေးဂေဟာ ဖွင့်မည်


12.2.2014

လူကုန်ကူး ခံရသူများကို ထိရောက်စွာ ကာကွယ်မှု ပေးနိုင်ရန်အတွက် လူကုန်ကူး ခံရသူများ စောင့်ရှောက်ရေး ဂေဟာ များကို ကော့သောင်းနှင့် မြဝတီတို့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲမှူးတစ်ဦးက ဆိုသည်။
“ဘယ်နေ့ဘယ်ရက်မှာ ဖွင့်မယ်ဆိုတာတော့ အသေးစိတ် မပြောပြနိုင်သေးဘူး တစ်လအတွင်းမှာပဲဖွင့်ဖို့ အစီအစဉ် ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းဂေဟာကို ဂျပန်အစိုးရက အဆောက်အအုံ လှူဒါန်းပြီး လူမှုဝန်ထမ်း ဦးစီးဌာနနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူကုန်ကူးခံရသူများကို လူမှုဝန်ထမ်း ဦးစီးဌာနက လက်ခံစောင့်ရှောက်ပေးပြီး သက်ဆိုင်ရာ မိသားစုများထံ ပြန်လည်အပ်နှံ ပေးသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နယ်စပ် ဆက်ဆံရေးရုံးများကို မြန်မာနှင့် တရုတ်နိုင်ငံ အကြားတွင် တတိယမြောက် ဖြစ်သည့် လောက်ကိုင်-နမ့်စန် ဆက်ဆံရေးရုံးကို မေလတွင် လည်းကောင်း မြန်မာနှင့် ထိုင်းနိုင်ငံ အကြားတွင်လည်း တတိယမြောက် မြဝတီ-မဲဆောက် လူကုန်ကူးမှု တိုက်ဖျက်ရေး နယ်စပ် ဆက်ဆံရေးရုံးကို အောက်တိုဘာလတွင် လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရသစ် ၏ နိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို အမေရိကန်အစိုးရက ယခင်စောင့်ကြည့်အဆင့် (၃) မှ အဆင့် (၂) အထိ တိုးမြှင့်၍ အသိအမှတ် ပြုလိုက်ကြောင်း ရန်ကုန်မြို့တော် အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

မြန်မာအစိုးရ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များတွင် အမျိုးသမီးနှင့် ကလေးများ နယ်စပ်ဖြတ်ကျော်၍ လိင်ကုန်ကူးခြင်းများကို တားဆီးနိုင်ရန် သိသိသာသာ အားထုတ်ခြင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ လူထုက အကြောင်းကြား တိုင်ကြားရန် အရေးပေါ် ဖုန်းလိုင်းထားရှိခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းကို ရှင်းလင်းစွာ တားမြစ်ထားသည့် ဥပဒေသစ် ထားရှိခြင်း၊ ၂၀၁၅ တွင် အဓမ္မလုပ်အားပေး ခိုင်းစေမှု လုံးဝပပျောက်စေရန် ILO နှင့် ရည်မှန်းချက်ကြီးသော စီမံကိန်းတစ်ရပ် အကောင်အထည်ဖော်ရန် ရှိခြင်းတို့ ပါဝင်ကြောင်းလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

လူကုန်ကူး ခံရသူများကို လူမှုဝန်ထမ်းဦးစီးဌာနက လက်ခံစောင့်ရှောက်ပေးပြီး သက်ဆိုင်ရာ မိသားစုများထံ ပြန်လည် အပ်နှံပေးသွားမည် ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ယူလိုသူများက ဆန္ဒပြု တောင်းဆိုပါက လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများတွင် သင်ကြားပေး သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောဝင်းက The Voice ၏ မေးမြန်းချက်ကို ဖြေကြားပေးသည်။

The Voice Weekly

No comments:

Post a Comment