address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, February 8, 2014

မုန်တိုင်းစောင့်ကြည့်ရေးရေဒါ ဧပြီလအတွင်း တပ်ဆင်မည်


8.2.2014

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ ထောက်ပံ့မှုဖြင့် မိုးလေဝသနှင့် မုန်တိုင်း အခြေအနေကို စောင့်ကြည့် လေ့လာနိုင်မည့် ရေဒါကို ဒေသသုံးခုတွင် ယခုနှစ်ဧပြီလအတွင်း စတင်တပ်ဆင်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားသည်။

အဆိုပါ ရေဒါကို အလိုအလျောက် မိုးလေဝသ တိုင်းတာရေးစနစ် Automatic Weather Observation System (AWOS) အလုံး ၃၀ နှင့်ပါ တွဲဖက်အသုံးပြုမည် ဖြစ်ပြီး ယင်း (AWOS) တိုင်းတာရေး ကိရိယာသည် မိနစ်တိုင်းတွင် ဖြစ်ပေါ်နေသည့် ရာသီဥတု ပြောင်းလဲမှု အခြေအနေကို အလိုအလျောက် မှတ်တမ်းတင်နိုင်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အဆိုပါ ရေဒါကို တပ်ဆင်နိုင်ရန်အတွက် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့်နှင့် နည်းပညာ အကူအညီလည်း ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ကမ်းရိုးတန်း ဒေသများသည် မုန်တိုင်းများ ဝင်ရောက်နိုင်ခြေ များခြင်းကြောင့် မုန်တိုင်း ဝင်ရောက်ရာတွင် ကြိုတင်ခန့်မှန်း သိရှိနိုင်ရန် လိုအပ်၍ တပ်ဆင်ရခြင်း ဖြစ်ပြီး ယင်းရေဒါမှ မိုင် ၂၅၀ အကွာအဝေးအတွင်း မုန်တိုင်း ဝင်ရောက်မည့် လမ်းကြောင်းကို ခြေရာခံကာ အသိပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်းကြီးများသည် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ၊ ဂွ၊ မောင်တော၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ အများဆုံး ဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment