address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, February 13, 2014

မွန်အမျိုးသားနေ့အခမ်းအနားတွင် မွန်သူရဲကောင်းသမိန်ဗရမ်းဇာတ်လမ်း ကပြဖျော်ဖြေမည်




13.2.2014

ရန်ကုန်မြို့တွင်ပြုလုပ်မည့် မွန်အမျိုးသားနေ့ အခမ်းအနားတွင် မွန်သူရဲကောင်း သမိန်ဗရမ်း ဇာတ်လမ်းကို ပထမဆုံးအကြိမ်အဖြစ် ကပြဖျော်ဖြေမည်ဟု မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဒု-ဥက္ကဋ္ဌ (၁) ဦးနိုင်မင်းသောင်းသျှင်က မဇ္ဈိမကို ပြောသည်။

ယင်းဇာတ်လမ်း ကပြဖျော်ဖြေမည့် အစီအစဉ်ကို မွန်တိုင်းရင်းသားများ ဇာတိသွေးဇာတိမာန်တက်ကြွစေရန်၊ မွန်သူရဲကောင်း များကို မြတ်နိုးတန်ဖိုးထား အတုယူတက်စေရန်နှင့် မွန်ရာဇဝင်များကို သိရှိ သတိရစေရန် ရည်ရွယ်၍ ထည့်သွင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။ မွန်သူရဲကောင်း သမိန်ဗရမ်းနှင့် တရုတ်သူရဲကောင်း ဂါမဏိတို့ စစ်တိုက်သည်ကို သရုပ်ဖော်ပြသမည်ဖြစ်ပြီး အချိန် ၄၅ မိနစ်ခန့်ကြာမြင့်မည်။

မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှုး ဦးနိုင်စိုးကြည်က “ အသံနောက်ခံဖွင့်ထားပြီး သရုပ်ပြတင်ဆက်မှာပါ။ မွန်သူရဲကောင်းက နိုင်ငံတော်ကို သစ္စာစောင့်သိတဲ့ ပြဇာတ်ကလေးပါ။ မွန်အဖွဲ့အစည်းတွေက ဝါသနာပါတဲ့ လူငယ်တွေ စုစည်းလေ့ကျင့်ပြီး ကပြတင်ဆက်မှာပါ။ လေ့ကျင့်ချိန်ကတော့ ဆယ်ရက်လောက်ပဲ ရခဲ့ပါတယ်” ဟုဆိုသည်။

၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ရက်တွင် ရန်ကုန်မြို့ ပြည့်သူရင်ပြင်၌ ညနေ ၅နာရီခွဲမှ ၁၂ နာရီအထိ ကျင်းပမည်ဖြစ်သည်။ အခမ်းအနားကို မွန်တိုင်းရင်းသားများအပါအဝင် ဧည့်ပရိသတ် တစ်သိန်းခန့် တက်ရောက်မည်ဟု မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီက ခန့်မှန်းထားသည်။

မွန်အမျိုးသားနေ့ အခမ်းအနားတွင် မွန်လူမျိုးရိုးရာအကများ၊ ရိုးရာသီချင်းများဖြင့် ကပြတင်ဆက်သွားမည် ဖြစ်သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် နိုင်ငံရေးပါတီများကို တက်ရောက်ရန် ဖိတ်ကြားထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပေးပို့မည့် သဝဏ်လွှာကို ဖတ်ကြားမည်ဖြစ်သည်ဟု အခမ်းအနား ကျင်းပရေး ကော်မတီမှ သိရသည်။

Mizzima

No comments:

Post a Comment