address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, May 3, 2014

SEA Games တွင် မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း လေးမျိုး ပါဝင်ခွင့်ရ



3.5.2014

စင်ကာပူနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် (၂၈) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း လေးမျိုး ပါဝင်ခွင့်ရခဲ့ကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်၊ အတွင်းရေးမှူး-၂ ဦးကိုကိုအောင်က ပြောကြားသည်။

စင်ကာပူနိုင်ငံမှ ပဏာမ ထုတ်ပြန်ထားသည့် စာရင်းတွင် မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း နှစ်မျိုးသာ ပါဝင်ခွင့်ရပြီး မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် အနေနှင့် ပြိုင်ပွဲအမျိုးအစား လေးမျိုး ပါဝင်နိုင်ရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အောက်ရှိ အာရှခြင်းလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အာရှခြင်းလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးပြည့်စုံမြင့်တို့သည် စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် အားကစား ဝန်ကြီးအဆင့် နောက်ဆုံးအကြိမ် အစည်းအဝေးတွင် ဆွေးနွေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဦးကိုကိုအောင်က ဆိုသည်။
ပါဝင်ခွင့် ရခဲ့သော ပြိုင်ပွဲများမှာ အမျိုးသားပြိုင်ပွဲများ ဖြစ်ပြီး မျိုးကွဲပြိုင်ပွဲ မူလအဆင့်နှင့် ဒုတိယအဆင့်၊ မျိုးတူပြိုင်ပွဲ မူလအဆင့်၊ အတွဲပြိုင်ပွဲ မူလအဆင့်တို့ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်းကို အာရှအဆင့်မှ နိုင်ငံတကာ အဆင့်ထိ ရောက်အောင် ကြိုးပမ်း လုပ်ဆောင်နေပါတယ်” ဟု အာရှခြင်းလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်က ဆက်လက် ပြောဆိုသည်။
၂၀၁၇ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပမည် (၂၉) ကြိမ်မြောက် SEA Games တွင်လည်း မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း ပါဝင်ရန် သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။
စင်ကာပူ အိုလံပစ် ကော်မတီက ဧပြီလ ၃၀ ရက်နေ့က အားကစား ဝန်ကြီးအဆင့် နောက်ဆုံးအကြိမ် အစည်းအဝေး အပြီးတွင် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်း အပါအဝင် အားကစားနည်း ၃၆ နည်းကို အတည်ပြု ထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment