address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, August 31, 2014

ကရင်လက်နက်ကိုင်အဖွဲ့များအကြား နယ်မြေသတ်မှတ်မှု ပြဿနာမဖြစ်နိုင်ဟု BGF ဆို


31.8.2014

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအကြား နယ်မြေသတ်မှတ်မှုနှင့် ပတ်သက်၍ ပြဿနာဖြစ်လာမည်မဟုတ်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)မှ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှုးကြီးစောချစ်သူက ပြောသည်။

“ကျွန်တော်တို့ကရင်အချင်းချင်းဘဲ တစ်စုတစ်စည်းထဲနေရမှာပေါ့။ တစ်စုတစ်တည်းမနေရင် တည်ငြိမ်ပါ့မလား။ မတည်ငြိမ်ဘူးလေ။ ကရင်တိုင်းရင်းသားညီညွတ်ရေးကော်မတီဆိုပြီး တည်ထောင်ထားတာရှိတယ်။ အဲ့ဒီ ညီညွတ်ကော်မတီမဖွဲ့စည်းခင် ကျွန်တော်တို့ကရင်တွေ ခဏခဏ ပြသာနာတွေဖြစ်ဖူးတယ်။ ကော်မတီဖွဲ့စည်းပြီးတဲ့နောက် အချင်းချင်း ရန်စောင်တာမျိုး ပစ်ခတ်တာမျိုး မရှိတော့ဘူး။”ဟု ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)မှာ ကရင်အမျိုးသားအစည်းရုံး(KNU)မှခွဲထွက်လာခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်များကို ပြောင်းလဲသည့်အချိန်တွင် ၎င်းတို့ အနေဖြင့်လည်း ပြောင်းလဲဖွဲ့စည်းရန် လိုသည်ဟု ၎င်းဆက်လက်က ပြောကြားသည်။

“ကရင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံတော်အစိုးရ သဘောထားအဆင်ပြေသွားရင် ကျွန်တော်တို့အဖွဲ့ကတော့ ဒီတိုင်း နေလို့မဖြစ်ဘူး။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးသွားရင် စစ်မှန်တဲ့ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ နောက်တစ်ဆင့်သူတို့ထပ်ဆွေးနွေးဦးမှာပါဘဲ။ သူတို့တကယ်စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရယူပြီဆိုရင် သူတို့ဆွေးနွေးမှုအပေါ်မှာပဲ ကျွန်တော်တို့ တိုင်းရင်းသားတွေအားလုံး တရားဝင် သီးသန့် တပ်မတော် တည်ထောင်ခွင့်ရမလား။ တည်ထောင်ခွင့်ရှိမလား။ ဒါမှမဟုတ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အောက်မှာဘဲ ကျွန်တော်တို့လက်နက်တိုင်းရင်းသားတွေအားလုံး တပ်အနေနဲ့ တည်ထောင်ခွင့်ရှိမလား။ အဲဒါတစ်ခုရှိတယ်”ဟု ၄င်းက ဆက်ပြောသည်။

၎င်းတို့အနေဖြင့် ပြည်နယ် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ခြင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အောက်တွင် ရှိနေသော်လည်း ကရင်ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နိုင်ပြီး ကရင်ပြည်နယ် လုံခြုံရေး အတွက် တာဝန်ယူဆောင်ရွက်နိုင်သဖြင့် တိုင်းပြည်၏ လုံခြုံရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်သည်ဟူသော ခံယူချက်ဖြင့် လက်ခံခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့အနေဖြင့် အစိုးရ၏ ဆက်ဆံရေးမှာ ယခုအတိုင်းတည်ငြိမ်နေပါက ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ် လေးနှစ်ပြည့် အခမ်းအနားတွင် ဗိုလ်မှုးကြီးစောချစ်သူက ပြောကြားခဲ့ခြင်းဖြစ်သည်။

Shwe Myitmakha Media Group

No comments:

Post a Comment