address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, August 27, 2014

စံချိန်တင် ဖမ်းမိသည့် မူးယစ်ဆေးဝါးကိစ္စ တပ်နှင့်ပေါင်းကာ ဖော်ထုတ်နေဟု ဆို


27.8.2014

ကော့သောင်းမြို့ အနောက်မြောက်ဘက် မြန်မာ့ပင်လယ်ပြင်မှ မလေးရှားနိုင်ငံသို့ ဦးတည်နေသည့် စက်လှေပေါ်ပါ မူးယစ်ဆေးဝါးများကို တင်သွင်းသူနောက်ကွယ် ဂိုဏ်းအဖွဲ့ကို တပ်မတော်နှင့် ပူးပေါင်းကာ ရှာဖွေနေသည်ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ရဲမှူးချုပ် ကျော်ဝင်းက မဇ္ဈိမကို ပြောသည်။

“နောက်ကွယ်မှာ ကြီးမားတဲ့ ဂိုဏ်းတစ်ခုက အုပ်စုဖွဲ့ သယ်တာဖြစ်မယ်။ အဓိကအဖွဲ့ကို မဖော်ထုတ်နိုင်သေးဘူး။ နယ်မြေရဲတပ်ဖွဲ့၊ မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့တွေနဲ့ အင်အား မနိုင်ဘူး။ တပ်မတော်နဲ့ ပူးပေါင်း ရှာဖွေနေတယ်။ အဖွဲ့အစည်းပေါင်းစုံလိုက်ရမှ၊ ဖမ်းမိထားသူတွေကို စစ်နေတာတော့ မကြာပါဘူး။ ကွင်းဆက်လိုက်နေတာ ကြာလိမ့်မယ်။ အလွယ်တကူ ဖော်လေ့ဖော်ထ မရှိဘူး။ အဖွဲ့အစည်းပေါင်းစုံ လိုက်ရမှာ” ဟု ၎င်းက ပြောသည်။

ယင်းသည် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွင် အများဆုံးစံချိန်တင် ဖမ်းဆီးရမိခဲ့သည့် ကူးသန်းရောင်းဝယ်မှုကြီး ဖြစ်သည်။ Ecstasy အမျိုးအစား မူးယစ်ဆေးပြား အရေအတွက် ၂ ဒသမ ၃၈၅ သန်း၊ ကျပ်သန်းပေါင်း ၁၇ သန်းဖိုးခန့် ဖမ်းမိထားသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

တရားခံများကို စစ်ဆေးမှုများအရ ဖြစ်စဉ်အတွင်း ပြည်ပမှ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်သူများ ပါဝင်နေပါက နိုင်ငံတကာရှိ နိုင်ငံဖြတ်ကျော် မှုခင်းတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ ဖော်ထုတ်ရန်စီစဉ်နေသည်ဟု ရဲမှူးချုပ်ကျော်ဝင်းက မဇ္ဈိမကို ပြောသည်။

မူးယစ်ဆေးဝါးနှင့်အတူ ကျိုက်ခမီ၊ ကျိုက်ထို၊ မော်လမြိုင်မြို့နယ်အတွင်း နေထိုင်သူများကို ဖမ်းမိခဲ့ပြီး ကော့သောင်းအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။ ၎င်းတို့ကို ကော့သောင်း မယ(ပ) ၃၂/ ၂၀၁၄၊ မူးစိတ် ပုဒ်မ ၁၅/၁၉(က)(ခ)၊ပုဒ်မ ၂၀(က)၊ (ခ)၊ ပုဒ်မ ၂၁ တို့ဖြင့် အမှု ဖွင့်ထားသည်။

ရဲမှူးချုပ်ကျော်ဝင်းက “ဖမ်းမိတဲ့ ဆေးပြားတွေက ဒီနိုင်င်ငံက ထုတ်လုပ်တာ မဟုတ်ဘူး။ နိုင်ငံတစ်ခုက ရောက်လာပြီး ပြည်တွင်းမှာ သိုလှောင်ထားမယ်။ နောက်သယ်လို့လွယ်မယ့် လမ်းကြောင်းကသယ်လာတာ”ဟု ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment