address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 5, 2014

တာချီလိတ်တွင် ဇူလိုင်လအတွင်း စံချိန်တင် မူးယစ်ဆေးဝါးများ ဖမ်းမိ


5.8.2014

ထိုင်း-မြန်မာ-လာအို နယ်စပ်ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်တွင် ဇူလိုင်လအတွင်း ကျပ်သိန်း နှစ်သောင်းကျော်ဖိုး ရှိသော မူးယစ်ဆေးဝါးများကို ယခုနှစ်အတွင်း စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါခရိုင် မူးယစ်တားဆီး နှိမ်နင်းရေး အထူးတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး အများဆုံး ထုတ်လုပ်ဖြန့်ဖြူးရာ နယ်မြေ ဖြစ်သည့် ရွှေတြိဂံနယ်မြေရှိ တာချီလိတ်ခရိုင်တွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ကျပ်သိန်း သုံးသောင်းကျော် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ပြီးနောက် ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အမှုပေါင်း ၁၇ မှုမှ စံချိန်တင် တန်ဖိုးငွေ ကျပ် သန်းနှစ်သောင်းကျော် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အထူးတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများမှာ ထိုင်းနိုင်ငံမှ ယင်းဒေသရှိ မူးယစ်ဆေးဝါး ထုတ်လုပ်သူများထံ ကြိုတင်ငွေများ ပေးနှံကာ မှာယူထားသော မူးယစ်ဆေးဝါးများ ဖြစ်ကြောင်း၊ အများဆုံး ဖမ်းမိသည့် မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ၊ စိတ်ကြွဆေးပြားနှင့် စိတ်ကြွဆေးမှုန့်တို့ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဆယ်ပေလောက် အခန်းရှိရင် မူးယစ်ဆေးဝါး ချက်လုပ်လို့ ရတယ်။ ဒီမှာက စိတ်ကြွဆေးပြား ထုတ်တဲ့သူများပြီး သတင်းရလို့ ဝင်ဖမ်းချိန်မှာ နယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်သွားသူ များတယ်။ ထိုင်းဖုန်းတွေ ကိုင်တာကြောင့် တစ်အိမ် ဝင်ရှာနေချိန် ကျန်တဲ့အိမ်တွေက ခြေရာဖျောက် တိမ်းရှောင် သွားတာကြောင့် မိသင့်သလောက် မမိတာ များတယ်” ဟု တာချီလိတ် မြို့နယ်တွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။

ထိုင်း-မြန်မာ-လာအို နယ်စပ်ရှိ တာချီလိတ်ခရိုင်တွင် လက်နက်ကိုင် အဖွဲ့အစည်းများမှ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းကို အများဆုံး လုပ်ကိုင်လျက်ရှိပြီး ဒေသခံ အများစုတွင် လက်နက်များ ခိုးကိုင်ဆောင်မှုကြောင့်၊ မူးယစ်သတင်း ရရှိမှုကြောင့် မသင်္ကာသူကို ဝင်ရောက်ဖမ်းဆီး စစ်ဆေးရှာဖွေရာတွင် အခက်အခဲများ ရှိကြောင်း တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇူလိုင်လအတွင်း စံချိန်တင် ကျပ် သိန်းနှစ်သောင်းကျော်ရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၁၇ မှုမှ ပါဝင်ဆက်နွှယ်သူ ၃၀ ဦးကို ဖမ်းမိခဲ့ပြီး ၎င်းတို့မှာ တာချီလိတ်ခရိုင် အတွင်းရှိ ကျေးရွာများတွင် နေထိုင်သူများ ဖြစ်ပြီး မိမိအိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် အိမ်တွင်း မူးယစ်ဆေးဝါးများ ထုတ်လုပ်ကာ နယ်စပ်သို့ ပို့ဆောင်စဉ် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ယင်းခရိုင်ရှိ မူးယစ်တားဆီး နှိမ်နင်းရေး အထူးတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ပပျောက်ရန် အရှိန်အဟုန်မြင့် ဆောင်ရွက်လျက် ရှိသော်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ ၂၀၁၂ ခုနှစ် နောက်ပိုင်း ပိုမိုမြင့်တက်လာသောကြောင့် စီမံကိန်းကာလကို နောက်ထပ် ငါးနှစ် ထပ်တိုးမြှင့်ခဲ့ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ၅၀ အထိ တိုးချဲ့ဖွဲ့စည်းကာ အရှိန်အဟုန်မြှင့် တားဆီးနှိမ်နင်းနေကြောင်း မြန်မာနိုင်ငံ မူးယစ်တားဆီး နှိမ်နင်းရေး အထူးတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment