address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, August 14, 2014

ခြေထောက်မရှိသူများကို ကြက်ခြေနီက ခြေတု အခမဲ့ တပ်ဆင်ပေး


14.8.2014

ခြေထောက်မရှိတဲ့သူတွေအတွက် ခြေတုတွေနဲ့ ခြေတုပြင်ဆင်ပေးတာတွေကို မြန်မာနိုင်ငံ အနှံအပြားမှာ ကြက်ခြေနီအသင်းက အခမဲ့လုပ်ဆောင် နေပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ၊ ပဲခူးအရှေ့ပိုင်းနဲ့ ကယားပြည်နယ် ဘက်တွေမှာ ခြေတု တပ်ဆင်ပေးတာတွေနဲ့ ပြန်လည်ပြင်ဆင်ပေးတာတွေကို ကြက်ခြေနီ အသင်းနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး အခမဲ့ ဆောင်ရွက် ပေးနေတာပါ။

ခြေတု တပ်ဆင်ထားတဲ့လူတွေ ခြေတုချွတ်ယွင်းလာတဲ့အခါ ဝေးလံတဲ့ နေရာတွေကနေ လာရောက်ပြီး ပြုပြင်ရတာတွေ ရှိတဲ့အတွက် သက်ဆိုင်ရာဒေသတွေအထိ ကွင်းဆင်းပြီး ပြန်လည်ပြင်ဆင်ပေးနေတယ်လို့ ကွင်းဆင်း ဆောင်ရွက်ပေးနေတဲ့ ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနရဲ့ မန်နေဂျာ ဒေါ်ကျော့သီတာအောင်က ပြောပါတယ်။

ခြေတုတပ်ဆင်ပေးရတာနဲ့ပက်သက်လို့ သူက “ရည်ရွယ်ချက်ကတော့ ဒီဘက်မှာ ခြေတုလိုအပ်တဲ့သူတွေကို ခြေတုတပ်ပေးတာပေါ့နော်။ ဝေးလံဒေသတွေက လူတွေ အဓိက။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ကျမတို့ဆီမှာ ခြေတုတပ်ချင်ရင် ရန်ကုန်အထိ သွားရတယ်လေ။ မွန်၊ ကရင်နဲ့ တနင်္သာရီက လူတွေက အဝေးကြီး သွားရတယ်။ အဲဒါကြောင့် ကျမတို့ရည်ရွယ်ချက် ဒီဘက်က လိုအပ်တဲ့သူတွေကို အလွယ်တကူနဲ့ ခြေတုတပ်ပေးနိုင်အောင်ပါ” လို့ ဆိုပါတယ်။

ပြည်နယ်နဲ့ တိုင်း ၅ ခုက မြို့နယ် ၄၀ ကျော်က ခြေမရှိတဲ့သူတွေကို ၁ လလုံး သွားရောက် ကုသပြင်ဆင်ပေးမှာ ဖြစ်ပြီး ခြေတု လာရောက် တပ်ဆင်ကြသူတွေကို သွားလာစားသောက်မှုက အစ အခမဲ့ တာဝန်ယူဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းလည်း ဒီလို ခြေတုပြင်ဆင်ပေးတာတွေနဲ့ တပ်ဆင်တာတွေကို ၆ လ ၁ ကြိမ်လောက် လုပ်သွားဖို့ ရှိပြီး ဝေးလံတဲ့ဒေသတွေအထိ သွားမယ်လို့ ဒေါ်ကျော့သီတာအောင်က ပြောပါတယ်။

“ဘားအံကနေပြီး ၁ ရက် ခရီးသွားလို့ရတဲ့ အဝေးဆုံးအထိပဲ လုပ်ထားပါတယ်။ နောက်ဆိုရင် ပြည်နယ်နဲ့ တိုင်း ၅ ခုလုံးကို မြို့နယ်တွေ နှံ့အောင် အလှည့်နဲ့သွားမှာပါ။”

ဘားအံ ခြေတုလက်တုပြန်လည်သန်စွမ်းရေးဌာနကို ၂၀၀၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်သူတွေကို ခြေတုလက်တု ၅၀၀၀ ကျော် တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ကျန်ရှိနေသေးတဲ့ သူတွေအနေနဲ့လည်း ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှာ တပ်ဆင်နိုင်တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရေနံ့သာ အနာကြီးရောဂါကုဆေးရုံမှာလည်း မြန်မာပြည်အနှံ့အပြားက အကြောင်းအမျိုးမျိုးကြောင့် ခြေထောက်ပြတ်တောက်သွားသူတွေကို ခြေတု တပ်ဆင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပေးသွားဖို့ ရှိနေပါတယ်။

ခြေတုတွေကို မော်တော်ယာဉ်ထိခိုက်မှု၊ မတော်တဆ ထိခိုက်မှုနဲ့ မြေမြှုပ်မိုင်းနင်းမိလို့ စတာတွေကြောင့် ခြေထောက်ဆုံးရှုံးခဲ့ရသူတွေ အသုံးပြုကြပါတယ်။

DVB

No comments:

Post a Comment