address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 19, 2014

အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ ပါဝင်သော သုံးပွင့်ဆိုင် နိုင်ငံရေး ဆွေးနွေးမှု စတင်


19.8.2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးအပြီး ဆက်လက်ပြုလုပ်မည့် ပြည်ထောင်စုညီလာခံ အကြိုဆွေးနွေးမှုအဖြစ် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ ပါဝင်သော သုံးပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးမှုကို သြဂုတ်လ ၁၈ ရက်နေ့က စတင်ပြုလုပ်ခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)၊ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ ပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၃၄ ဦးတို့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ၌ ယင်းသို့ တွေ့ဆုံခြင်း ဖြစ်သည်။

ယင်းသို့ သုံးပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးမှု စတင်သည့်နေ့သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ငြိမ်းချမ်းရေး စတင်ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည့် သုံးနှစ်ပြည့် နှစ်ပတ်လည် နေ့လည်းဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်အချို့က ပြောဆိုသည်။

ယင်းဆွေးနွေးပွဲသို့ UPWC ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် NCCT ခေါင်းဆောင်များ ဖြစ်သော ဦးနိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့က ငြိမ်းချမ်းရေးဖြစ်စဉ်ကို နိုင်ငံရေး ပါတီများထံ ရှင်းပြခဲ့ကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။

နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်၍ တိုင်းရင်းသား နိုင်ငံရေးပါတီ ၂၀ ဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF က မူဘောင် အစီအစဉ်များကို ချပြခဲ့ပြီး လိုအပ်ပါက အသုံးပြုနိုင်ကြောင်း၊ အဆိုပါ မူဘောင်များတွင် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စလည်း ပါဝင်ကြောင်း NBF ကိုယ်စားလှယ် ဦးဇိုဇမ်က ပြောဆိုသည်။

ယင်းအပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာ အကူအညီများဖြင့်သာ လုပ်ဆောင်မနေဘဲ ကာကွယ်ရေးဘတ်ဂျက်မှ ထုတ်ယူ အသုံးပြုစေလိုကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာများ စိစစ်ရန် ပူးတွဲကော်မတီ တစ်ရပ်လည်း ဖွဲ့စည်းသင့်ကြောင်း ၎င်းက အကြံပြုသည်။
“ငွေရေးကြေးရေးကိစ္စကြောင့် ငြိမ်းချမ်းရေးကို မထိခိုက်စေချင်ဘူး” ဟု ဦးဇိုဇမ်က ဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ သြဂုတ်လ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ သုံးရက်ကြာ အပစ်ရပ်စာချုပ် ညှိနှိုင်းပွဲတွင် အစိုးရက ဖက်ဒရယ်စနစ်ကို ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ ဖက်ဒရယ်မှာ အစိုးရကပေး၍ ရသည့် ဖက်ဒရယ်မျိုး မဖြစ်သင့်ကြောင်း၊ နှစ်ဖက် အသေးစိတ် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဆွေးနွေးသည်။

နိုင်ငံရေးဆွေးနွေးပွဲများ အတွက် ကြိုတင်ပြင်ဆင်သည့် အနေနှင့် ပြုလုပ်သော သုံးပွင့်ဆိုင် တွေ့ဆုံပွဲသို့ တက်ရောက်ရန် နိုင်ငံရေးပါတီ ဥက္ကဋ္ဌများကို UPWC က ဖိတ်ကြားခဲ့ရာ ပါတီအများစုမှ ဥက္ကဋ္ဌများ ပါဝင် တက်ရောက်ခဲ့သော်လည်း NLD ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီတို့ကမူ ဗဟိုကော်မတီဝင်နှင့် ဗဟိုအလုပ်အမှုဆောင်များသာ ပါဝင် တက်ရောက်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment