address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 18, 2014

ဆစ်ဒနီ ကရင်လက်ချည်ပွဲ ပရိဿတ် ၂၀၀ကျော်ဆင်နွဲ




18.8.2014

သြစတြေးလျားကရင်ယဉ်ကျေးမှုအဖွဲ့အစည်း(Australia Karen Culture Organization-AKCO)က ကြီးမှူး၍ ဝါခေါင်လ ကရင့်ရိုးရာလက်ချည်ပွဲကို သြစတြေးလျားနိုင်ငံ၊ နယူးဆော့သ်ဝေးပြည်နယ် ဆစ်ဒနီမြို့ Villawood ရပ် ကွက်ရှိ Villawood Senior Citizen Hall တွင် သြဂုတ်လ ၁၆ရက်နေ့က ကျင်းပခဲ့ရာ လူထုပရိဿတ်ပေါင်း ၂၅၀ ကျော် ဆင်နွဲခဲ့သည်။

ထိုနေ့ မနက်(၉)နာရီမှ မွန်းလွဲ(၁)နာရီအထိ ကျင်းပပြီးစီးခဲ့သော လက်ချည်ပွဲအခမ်းအနားသို့ ဆစ်ဒနီရောက် ကချင်၊ ကယား၊ မြန်မာ၊ ရှမ်း စသည့်တိုင်းရင်းသားများ၊ ဘားမားကမ်ပိန်း(သြစတြေးလျား)၊ ရေဒီယိုမြန်မာသြစတြေးလျား၊ မြန်မာဆရာဝန်များအသင်း၊ မွတ်ဆလင်မ်အစည်းအရုံးများမှ ကိုယ်စားလှယ်များနှင့် ဘာသာပေါင်းစုံ ကရင်လူမျိုးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား သဘာပတိ စောနီကောလမှ “မိမိတို့ကရင်လူကြီးမိဘများဟာ သားသမီးတွေကို ကရင့်ရိုးရာယဉ်ကျေး မှု အမွေအနှစ်ကို ပေးအပ်ရမှာဖြစ်တယ်။ ဒီအစဉ်အလာဟာ ကိုးကွယ်ယုံကြည်မှု ဘာသာတရားနဲ့မဆိုင်ဘဲ လူမျိုးတ မျိုးရဲ့ အနှစ်သာရပြည့်ဝတဲ့ သင်္ကေတလက္ခဏာ ထုံးတမ်းစဉ်လာတစ်ရပ်မို့ မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်ရ မှာ ဖြစ်တယ်”ဟု အဖွင့်မိန်းခွန်း ပြောကြားခဲ့သည်။

ကရင်လူမျိုးတို့ အလေးထားရသော နေ့ထူးနေ့မြတ်များအနက် တစ်ခုဖြစ်သည့် ကရင့်ရိုးရာလက်ချည်ပွဲကို ကရင်လူ ငယ်များနှင့် နောင်လာမည့်မျိုးဆက်များ လက်ဆင့်ကမ်း သယ်ဆောင်သွားတတ်စေရန်၊ သမိုင်းကြောင်းတခု၊ မိရိုးဖ လာတခု၏ အနှစ်သာရနှင့် အဓိပ္ပါယ်ကို နားလည်မှတ်သားနိုင်ကြစေရန်နှင့် စည်းလုံးညီညွှတ်မှုပြယုဂ်ကို ဖော်ဆောင် ရန် ရည်ရွယ်၍ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း အခမ်းအနားဖြစ်မြောက်ရေးတာဝန်ခံ စောသန်းအောင်က ကေအိုင်စီသို့ ယခုလိုပြောသည်။

ကရင်လက်ချည်ပွဲ ဆင်နွဲသူ ရှမ်းအမျိုးသမီး နန်းနန်းဝင်းကလည်း “ကျမတို့အတွက် ဒီလိုကရင့်ယဉ်ကျေးမှုတစ်ခုဟာ အမြင်ဆန်းသလို အံ့သြစရာတွေဖြစ်မိတယ်။ ဘာသာတရားတွေမပေါ်မှီ၊ စာပေမှတ်သားမှုတွေမပေါ်မှီ ဘီစီ(၇၃၉) မတိုင်ခင်ကတည်းကနေ အဆက်ဆက် သယ်ဆောင်လာကြတာကိုကလည်း အံ့မခန်းစရာတွေဖြစ်တယ်”ဟု ကေ အိုင်စီသို့ ပြောသည်။

ထို့အပြင် အခမ်းအနားတွင် ကရင့်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့ ပေးပို့သော ကရင်အမျိုးသားအ စည်းအရုံး(ကေအဲန်ယူ)၏ သဝဏ်လွှာကိုဖတ်ကြားခြင်း၊ လက်ချည်ပွဲဓလေ့ထုံးစံ ဖြစ်ပေါ်လာရာသမိုင်းကြောင်းနှင့် လက်ချည်ပွဲတွင်ပါဝင်သော ပစ္စည်းများ၏အနက်အဓိပ္ပါယ်၊ အနှစ်သာရများကို ရှင်းလင်းတင်ပြခြင်းအပြင် တက် ရောက်ဆင်နွဲသူများအား “လာလည်ခဲ့ပါ”လူငယ်ဒုံးအဖွဲ့၊ “မဲပြာ”ဒုံးအဖွဲ့များနှင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ကရင် ရိုးရာမုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

၂၀၀၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် AKCO သည် အဝေးရောက် ကရင်လူမျိုးများ မိမိတို့၏ ကရင့်ယဉ်ကျေးမှု အမွေ အနှစ်များကို ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းလာခဲ့သည့်အလျောက် ကရင့်ရိုးရာလက်ချည်ပွဲကိုလည်း နှစ် စဉ် ကျင်းပလာခဲ့ရာ ယခုနှစ်မှာ ၁၀ကြိမ်မြောက်ရှိပြီးဖြစ်သည်။

ကေအိုင်စီ

No comments:

Post a Comment