address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, August 27, 2014

ဓမ္မစေတီခေါင်းလောင်းကို စတင်တွေ့ရှိပြီဟု ဆိုသော်လည်း ဆယ်မည့်ရက် မရေရာ




27.8.2014

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ယခုရက်ပိုင်းအတွင်း ဟိုးလေးတကျော်ကျော် ဖြစ်နေသော ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေမှုတွင် ခေါင်းလောင်းဆယ်ယူရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဆယ်ယူရန် သတ်မှတ်ထားသော နောက်ဆုံးနေ့တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို တွေ့ရှိထားပြီဟု ကြေညာခဲ့သော်လည်း ပြန်လည် ဆယ်ယူမည့်ရက်ကိုမူ မကြာမီ ရက်ပိုင်းအတွင်း ဆယ်ယူမည်ဟုသာ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနည်း၊ မြန်မာ့ဟန်၊ မြန်မာအဆင့် နည်းပညာသည် လျှို့ဝှက်ချက်များ ရှိနေခြင်းကြောင့် ထုတ်ပြော၍ မရကြောင်း၊ အရိယာဝိဇ္ဇာအပေါင်းတို့၏ ခွင့်ပြုချက်ရပြီးမှသာ ထုတ်ပြန်ခြင်း ဖြစ်ပြီး မကြာမီ ရက်ပိုင်းအတွင်း ကုန်းပေါ်ရောက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓမ္မစေတီခေါင်းလောင်းကြီးမှာ ရေအောက်အနက် ၁၅ ပေခန့်တွင် ရောက်ရှိနေခြင်း ဖြစ်ပြီး ဆိုင်းကြိုးများဖြင့် ခေါင်းလောင်းကြီးကို ချည်နှောင်ထားပြီးဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြ၍ မကြာမီ ဆယ်ယူနိုင်မည် ဖြစ်ကြောင်း ဓမ္မစေတီခေါင်းလောင်း အထောက်အကူပြုအဖွဲ့မှ ဒုဥက္ကဋ္ဌ (၁) ဦးနိုင်မင်းအောင်က ပြောကြားသည်။

ခေါင်းလောင်းကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီကတည်းက တွေ့ရှိခဲ့ခြင်းဖြစ်ကာ သြဂုတ်လ ၂၆ ရက်နေ့မှသာ သဲများစုပ်ထုတ်ပြီး အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ခေါင်းလောင်းဆယ်ယူမည့် ရက်ကိုမူ တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်ဖြင့်သာ ရယူရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ခေါင်းလောင်းဆယ်ယူသည့် ကိစ္စနှင့် ပတ်သက်၍ ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “ထုတ်ပြန်ချက် ထုတ်ထားပါပြီ။ အကုန်ရေးထားပါတယ်။ ကျန်တာ ဆက်မမေးပါနဲ့” ဟုသာ ပြန်လည် ဖြေကြားသည်။

ခေါင်းလောင်းကြီးကို တွေ့ရှိမည် ဆိုပါက ဝမ်းသာစရာကောင်းမည် ဖြစ်သော်လည်း တိတိကျကျဖြစ်ရန် လိုကြောင်း၊ ရှာဖွေသူများ ရှိဖူးသော်လည်း နောက်ဆုံးတွင် အဖျားရှူးသွားသူသာ များခဲ့ကြောင်း၊ မြစ်ကြမ်းပြင်တွင် နစ်နေပါက ကြိုးချည်ရန် ခက်ခဲမည် ဖြစ်သကဲ့သို့ ရေအနက်မှာ သာမန်အချိန်တွင် ပေ ၄၀ လောက်ရှိသည့်အတွက် ရေအောက် ၁၅ ပေဆိုပါက ခေါင်းလောင်းမှာ ပေါလော ပေါ်နေမည် ဖြစ်ကြောင်း ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေဖူးသူ ဒေါက်တာ ချစ်စံဝင်းက သုံးသပ်ပြောကြားသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီးကို သုံးကြိမ်ခန့် ဆယ်ယူပြီး ဖြစ်သော်လည်း အောင်မြင့်မှု ရရှိခဲ့ခြင်းမရှိဘဲ ရေငုပ်အဖွဲ့ခေါင်းဆောင် ဦးစံလင်း ဦးဆောင်ကာ ၂၀၁၄ခု နှစ် သြဂုတ်လ ၉ ရက်နေ့တွင် မြစ်သုံးခုဆုံရာ၌ ဆယ်ယူခဲ့ခြင်းဖြစ်ပြီး နေ့စဉ် လူသုံးရာခန့် လာရောက်ကြည့်ရှုမှုများ ရှိခဲ့ကာ ခေါင်းလောင်း ဆယ်ယူနိုင်တော့မည်ဟု အသံများ ထွက်ပေါ်ခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရေးအတွက် သြဂုတ်လ ၈ ရက်နေ့မှ သြဂုတ်လ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၁၉ ရက်အတွက် အကြမ်းဖျင်း ကုန်ကျမည့်ပမာဏမှာ ၁၈၆၃ သိန်း ဖြစ်ကြောင်း ဦးစံလင်းက ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment