address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 11, 2014

စူပါမွန်း အန္တရာယ်မရှိတော့





11.8.2014

သြဂုတ် ၁၀ ရက်၊ ည ၁၁း ၅၅ မိနစ် တွင် မြန်မာနိုင်ငံ၏ မွန်းတည့်ကောင်းကင်တွင် လရောက်ရှိနေပြီဖြစ်၍ စူပါမွန်းဖြစ်ပေါ်မည့်အချိန်တွင် ဖြစ်ပေါ်နိုင်သည့် လေပြင်းတိုက်ခတ်မှု မုန်တိုင်း၊ ရေလှိုင်း အန္တရာယ်များ လုံးဝမဖြစ်ပေါ်နိုင်တော့ဟု မိုးလေ၀သဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောဆိုခဲ့သည်။

“မုန်တိုင်းတွေက ညနေပိုင်းမှာသာ အများဆုံးဖြစ်လို့ ဒီနေ့အတွက် မုန်တိုင်းမဖြစ်ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာသွားပါပြီ။မနေ့ကလည်း ဘာမှမဖြစ်ဘူး။ ဒီနေ့လည်း အေးဆေးပါဘဲ။ မနက်ဖန်လည်း စိုးရိမ်စရာ မရှိပါဘူး။ ရေရော၊ လေရော၊ လှိုင်းရော အားလုံးငြိမ်လို့ အရင်နေ့ထက်တောင် အားနည်းနေပါသေးတယ်။ ငလျင်တစ်ခုသာ ကြိုပြောမရပေမယ့် ဖြစ်ဖို့ရာနှုန်းက ငါးရာခိုင်နှုန်းထက် မပိုပါဘူး”ဟု ဦးထွန်းလွင်၏ ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။

သို့သော် စက်တင်ဘာ ၉ ရက်တို့တွင် ဖြစ်ပေါ်နိုင်ခြေရှိသည်ဟု ဦးထွန်းလွင်က ခန့်မှန်းထားသေးသည်။

စူပါမွန်းဖြစ်ချိန်တွင် ငလျင်လှုပ်ခြင်း၊ ဆူနာမီဖြစ်ခြင်းများမှာ တိုက်ဆိုင်မှုသာဖြစ်ပြီး ယခင်အကြိမ်များတွင် မည်သည့် ထူးခြားမှုမျှ မရှိခဲ့ဟု ၎င်းက ပြောသည်။

စူပါမွန်းသည် အရှေ့လောင်ဂျီတွဒ် ၁၈ ဒီဂရီ ၁၅ မိနစ်နှင့် တောင်လတ္တီတွဒ် ၁၁ ဒီဂရီ ၁၄ မိနစ်တွင် အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်တတ်သည်။

ယင်းဖြစ်စဉ်ကြောင့် သြဂုတ် ၁၀ ရက်မှ ၁၅ ရက်အတွင်း မြန်မာ၊ တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ဆူနာမီပါဝင်သော အင်အားကြီး ငလျင်များလှုပ်ခတ်နိုင်သည်ဟု မိုးလေ၀သနှင့် နက္ခတ္တဗေဒ ပညာရှင်များက အစောပိုင်းကာလများတွင် ခန့်မှန်းခဲ့ကြသည်။

“တစ်ကမ္ဘာလုံးက လူသားတွေက သောင်းသောင်းဖြဖြ ကြိုဆိုနေကြတဲ့အချိန်မှာ ကျွန်တော်တို့ နိုင်ငံမှာတော့ ပရိတ်တွေ ရွတ်ရ၊ အသံချဲ့စက်တွေနဲ့အော်ရ၊ လူတွေဟာလည်း မြေငလျင်တွေ လှုပ်တော့မယ်၊ ဆူနာမီတွေ ဖြစ်တော့မယ်၊ မုန်တိုင်းတွေ ၀င်တော့မယ်နဲ့ ကျီးလန့်စာစား ချောက်ချောက်ချားချားဖြစ်နေကြပြီး မကောင်းဆိုးဝါးတစ်ကောင်ကို တွေ့ကြရတော့မယ့်အလား ဖြစ်နေကြရတာကို မြင်ရလေတော့ ကျွန်တော်လေ လမင်းကြီးကို အားနာလိုက်တာဗျာ”ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သူ၏ ဖေ့စဘွတ်ခ်စာမျက်နှာတွင် ရေးထားသည်။

ဆူပါမွန်းဖြစ်စဉ်တွင် နေ၊ လနှင့် ကမ္ဘာတို့ တစ်တန်းတည်းကျသည့် အနေအထားရောက်ရှိရမည့်အပြင် လနှင့်ကမ္ဘာ၏ မူလအကွာအဝေး ၂၂၁,၇၆၅ မိုင် (၃၅၆,၈၉၆ ကီလိုမီတာ) ထက် မိုင် ၃၀,၀၀၀ ပို၍ နီးကပ်လာချိန်တွင် ဖြစ်ပေသည်ဟု နာဆာက သတင်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်အတွင်း မူလထက် လကို ၃၀ ရာခိုင်နှုန်း ပိုမိုနီးကပ်စွာ မြင်နိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် တစ်ကြိမ်သာ ဖြစ်ပေါ်လေ့ရှိသည်။

Mizzima - News in Burmese

ရန်ကုန်မြို့မှ ဆူပါမွန်း (Super Moon ) ဖြစ်စဉ်အား ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၀ ရက်ည ( ၁၀ နာရီ ၁၅ မိနစ်) မြင်ကွင်းအားတွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

No comments:

Post a Comment