address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, August 31, 2014

ရှမ်းမျိုးနွယ်စုနှင့် ကချင်အထူးဒေသ (၁) အဖွဲ့တို့က တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် KIO/KIA လက်မှတ်ထိုးရန် တောင်းဆို


31.8.2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လပိုင်းအတွင်း ချုပ်ဆိုရန် စီစဉ်နေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ပါဝင် လက်မှတ်ရေးထိုးရန် ကချင်ပြည်နယ် အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့နှင့် ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေး အဖွဲ့တို့က ထုတ်ပြန် တောင်းဆိုလိုက်သည်။

ကချင်လူမျိုး လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် KIO/KIA သည်လည်း အခြားတိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့်အတူ အပစ်အခတ်ရပ်စဲသည့် သဘောတူညီမှုတွင် ပါဝင် လက်မှတ်ရေးထိုး အကောင်အထည် ဖော်ကြရန် တောင်းဆိုပါသည်ဟု သြဂုတ်လ ၂၉ ရက်နေ့တွင် ပူးတွဲကြေညာခြင်း ဖြစ်သည်။

KIO/KIA ခေါင်းဆောင်များသည် ကချင်တိုင်းရင်းသား အားလုံးနှင့် ကချင်ပြည်နယ်အတွင်း နေထိုင်သော ပြည်သူများကို လူမျိုး/ဘာသာ မခွဲခြားဘဲ တည်ငြိမ်အေးချမ်းစွာ ဘဝသစ် ထူထောင်ရေး ကူညီလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲမှာ KIO/KIA တစ်ဖွဲ့တည်း၏ ပြဿနာ မဟုတ်သဖြင့် နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပြည်သူ့ကိုယ်စားလှယ်များ စုပေါင်းပါဝင်၍ အဖြေရှာသင့်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် အကြံပြု တိုက်တွန်းထားသည်။

တစ်ပြည်လုံး အပစ်ရပ်စာချုပ်တွင် ပါဝင်ရေးအတွက် KIO/KIA က ကတိပြုထားခြင်း မရှိသေးဘဲ အားလုံးပါဝင်မှသာ လက်မှတ်ထိုးမည် ဖြစ်ကြောင်း၊ အကယ်၍ တစ်ဖွဲ့ဖွဲ့ ကျန်နေမည် ဆိုပါက လက်မှတ်ထိုးမည် မဟုတ်ကြောင်း KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က The Voice သို့ ပြောဆိုထားသည်။

“အပစ်ရပ်စာချုပ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကဏ္ဍတွေမှာ သူတို့ကို ကိုယ်စားပြုပြီး တင်ပြတောင်းဆိုမယ့်သူ မရှိမှာ စိုးရိမ်တဲ့ သဘောပဲ။ အကယ်၍ အပစ်ရပ်ပြီးရင်လည်း လူသစ် စုခံရဦးမှာလား၊ ဆက်ကြေးကောက်ဦးမှာလား သူတို့ သံသယရှိတယ်” ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးက ရှမ်းမျိုးနွယ်စုနှင့် အထူးဒေသ (၁) တို့၏ ပူးတွဲကြေညာချက်အပေါ် သုံးသပ်ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း ရှမ်းမျိုးနွယ်စုများ အပါအဝင် လီဆူးနှင့် အခြားဒေသခံ အချို့က KIA ၏ လူသစ်စုဆောင်းမှုကြောင့် မကြာခဏ ထွက်ပြေး တိမ်းရှောင်ရမှုများ ကြုံတွေ့နေပြီး ဆက်ကြေး ကောက်ခံမှုလည်း ဆက်တိုက် ကြုံတွေ့နေရကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

သြဂုတ်လ ဒုတိယပတ်အတွင်း ရန်ကုန်မြို့၌ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင် တွေ့ဆုံပွဲ၌လည်း ကချင်နိုင်ငံရေး ပါတီအချို့က KIO/KIA ၏ လူသစ်စုဆောင်းမှု ပြဿနာများကို ကူညီဖြေရှင်းပေးရေး ဗိုလ်ချုပ်ဂွမ်မော်ထံ တောင်းဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment