address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 19, 2014

နယ်စပ်ကုန်သွယ်မှု မြင့်တက်ရေးအတွက် မြန်မာ-ထိုင်း ချိတ်ဆက်နိုင်မည့် လမ်းမကြီး ဖောက်လုပ်သွားမည်



19.8.2014

ရေထွက်ကုန်များကို ကုန်းလမ်းခရီးဖြင့်တင်ပို့နိုင်ရန် တနင်္သာရီ၊ မောတောင်ဒေသမှ ထိုင်းနိုင်ငံသို့ ချိတ်ဆက်နိုင်မည့် လမ်းမကြီးကို ဖောက်လုပ်သွားမည်ဟု မြိတ်အများပိုင် ကော်ပိုရေးရှင်းကုမ္ပဏီ၏ အတွင်းရေးမှူး ဦးမျိုးအောင်က မဇ္စျိမကို ပြောသည်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းကုမ္ပဏီသည် တနင်္သာရီ - တုံခါ - သဲဖြူ - မောတောင်လမ်းပိုင်းကို ဘီအိုတီ စနစ်ဖြင့် လမ်းအဆင့်မြှင့်တင်ပြီး လမ်းအသုံးပြုခ ကောက်ခံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီမြှုပ်နှံမှုကော်မရှင်မှ သြဂုတ် ၁ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ဦးမျိုးအောင်က “မြိတ်က ရေထွက်ပို့ကုန်တွေကို ထိုင်းနိုင်ငံကို အဓိကတင်ပို့နေပေမယ့် ရေလမ်းကြောင်း ကိုပဲ အားကိုးပို့နေရတယ်။ ရေလမ်းကြောင်းက မိုးတွင်းဆိုရင် သိပ်အဆင်မပြေဘူး။ ဒါကြောင့် ကုန်းလမ်း ကနေ တင်ပို့နိုင်အောင် ဒီလမ်းမကြီးကို ဖောက်လုပ်နေတာပါ”ဟု ပြောသည်။

တနင်္သာရီ - တုံခါ - သဲဖြူ - မောတောင်လမ်းပိုင်းသည် ထိုင်းနိုင်ငံ၏ ပြည်ထောင်စုလမ်းမကြီးမှ ခွဲထွက် လာသည့် လမ်းပိုင်းနှင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး မြန်မာနှင့် ထိုင်းကုန်သွယ်ရေး တိုးမြှင့်ရေးအတွက် အဓိကကျလာမည့် လမ်းပိုင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

မြိတ်မြို့နှင့် တနင်္သာရီလမ်းပိုင်းကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူဆောင်ရွက်နေပြီး ၆၉ မိုင် ၃ ဖာလုံ ရှိမည့် တနင်္သာရီ - တုံခါ -သဲဖြူ - မောတောင် လမ်းပိုင်းကို လေးလမ်းသွားအဖြစ် မြိတ်အများ ပိုင် ကော်ပိုရေးရှင်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်သည်။

ယခုအချိန်တွင် တနင်္သာရီ - မောတောင်လမ်းပိုင်းကို မြေနီလမ်းအဖြစ် ဆောင်ရွက်ပြီးစီးနေပြီး မော်တော် ယာဉ်များ စတင်သွားလာနိုင်မည်ဖြစ်သည်။ ယင်းလမ်းပိုင်းကို ကတ္တရာခင်းလမ်းအဆင့်အထိ မြှင့်တင် သွားမည်ဖြစ်ကာ သုံးနှစ်ကျော်အတွင်း ပြီးစီးနိုင်မည့် စီမံကိန်းဖြင့် ဆောင်ရွက်နေသည်။

တနင်္သာရီ - တုံခါ - သဲဖြူ - မောတောင် လမ်းပိုင်းပြီးစီးချိန်တွင် ထိုင်းနိုင်ငံမှ ခရီးသွားများပိုမိုဝင်ရောက်လာ နိုင်သည့်အတွက် ကတန်ကျွန်းစု အနောက်ဘက်ခြမ်းတွင် အပန်းဖြေဟိုတယ်များ ဆက်လက်တည် ဆောက်သွားမည်ဟုလည်း ဦးမျိုးအောင်က ပြောသည်။

မြိတ်မြို့တွင် မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီမှလည်း မြိတ်အထူးစီးပွားရေးဇုန် တည် ဆောက်ရန် ဆောင်ရွက်နေသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese
ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် သံဖြူဇရပ်-ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်လမ်း ဖောက်လုပ်နေမှု အခြေအနေကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

No comments:

Post a Comment