address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 5, 2014

ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခြင်းသည် ပြည်သူ့ဘဏ္ဍာငွေ ဖြုန်းတီးခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


5.8.2014

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ်လ ၄ ရက်နေက ဗဟန်းမြို့နယ် NLD ရုံးချုပ်တွင် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဗဟိုသုတေသန လမ်းညွှန်အဖွဲ့နှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခြင်း ဖြစ်ကြောင်း ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ဝင် ဦးမျိုးရန်နောင်သိမ်းက ဆိုသည်။

“ဒီကြားဖြတ်ရွေးကောက်ပွဲကို ဘာကြောင့် လုပ်ရတာလဲ။ အထွေထွေ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ မလိုအပ်ဘဲ လုပ်တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်” ဟု ၎င်းကဆိုသည်။

သို့သော်လည်း လစ်လပ်မဲဆန္ဒနယ်များ ရှိနေသောကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ နည်းဥပဒေများနှင့်အညီ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော မဲဆန္ဒနယ် ၄၅ နေရာအတွက် ကျင်းပခဲ့သည်။

ယခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကြေညာထားသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ၏ အကြံပြုချက်များ မပါဘဲ ထုတ်ပြန်ထားသော မဲဆွယ်စည်းရုံးရေး ညွှန်ကြားလွှာကို နိုင်ငံရေးပါတီများက ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုလျက် ရှိသည်။

နယ်မြေအေးချမ်းမှု မရှိသောကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်း ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment