address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 4, 2014

ဖက်ဒရယ် တပ်မတော်ကိစ္စ အပစ်ရပ်စာချုပ်တွင် ထည့်သွင်းတော့မည် မဟုတ်ဟု NCCT ဆို


4.8.2014

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ပြီးနောက် လက်ရှိ မြန်မာ့တပ်မတော်ကို ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းရေး ကိစ္စရပ်ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ထည့်သွင်းတော့မည် မဟုတ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောဆိုသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ရုံးခန်းတွင် လိုင်ဇာညီလာခံသို့ တက်ရောက်ခဲ့သော NCCT ခေါင်းဆောင်များနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) တို့ သြဂုတ်လ ၃ ရက်နေ့က တွေ့ဆုံပွဲအပြီး ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဖက်ဒရယ် တပ်မတော်ကိစ္စကို လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာပဲ ထည့်သွင်းသွားဖို့ ဆုံးဖြတ်ထားပါတယ်။ အပစ်ရပ်အဆင့်မှာ အဲဒီကိစ္စ မပါတော့ဘူး” ဟု နိုင်ဟံသာက ရှင်းပြသည်။

၂၀၁၃ နိုဝင်ဘာလတွင် ကျင်းပသော ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံ (လိုင်ဇာ) အပြီး ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးကိစ္စကို ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ယင်းသို့ ထည့်သွင်းရန် တပ်မတော်က ငြင်းဆန်ထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးတွဲရေးဆွဲနေသော တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် နောက်ဆုံးမူကြမ်းကို အပြီးသတ် ရေးဆွဲရန် သြဂုတ်လ တတိယပတ်တွင် ရန်ကုန်မြို့၌ နှစ်ဖက်ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး နှစ်ဖက်ကွဲလွဲချက်များ ရာနှုန်း ကိုးဆယ်ကျော် ညှိနှိုင်းနိုင်မည့် အနေအထားရှိကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောဆိုသည်။

အပစ်ရပ်စာချုပ် နှစ်ဖက်ညှိနှိုင်းရာတွင် ဖက်ဒရယ် ဖွဲ့စည်းပုံကိစ္စ၊ တော်လှန်ရေး ဝေါဟာရ အသုံးအနှုန်းနှင့် အခြားစကားလုံးအချို့ သဘောထား ကွဲလွဲနေပြီး ယခုညှိနှိုင်းမှု အခြေအနေအရ ပြေလည်နိုင်ပြီဟု ပြောဆိုနိုင်ကြောင်း၊ တိုင်းရင်းသားများဘက်မှ အလျှော့ပေးမှုများ ရှိသလို တပ်မတော်နှင့် အစိုးရက ဖြေလျှော့မှုများ ပြုလုပ်ထားကြောင်း ၎င်းက ရှင်းပြသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းကို အပြီးသတ် ရေးဆွဲရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်များက ဇူလိုင်လ နောက်ဆုံးပတ်တွင် လိုင်ဇာညီလာခံ ကျင်းပ၍ ပြင်ဆင် ဆုံးဖြတ်ချက်များ ပြုလုပ်ခဲ့ပြီး အစိုးရဘက်ကလည်း နိုင်ငံတော်သမ္မတ ဦးဆောင်သော ငြိမ်းချမ်းရေး ဗဟိုကော်မတီနှင့် သုံးကြိမ်ခန့် ဆက်တိုက်တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

ယင်းသို့ စာချုပ် အပြီးသတ် ရေးဆွဲမည့် ဆွေးနွေးပွဲကို သြဂုတ်လ ၁၅ ရက် သို့မဟုတ် ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ရန် စီစဉ်ထားပြီး ယင်းမတိုင်မီ နှစ်ဖက်အလုပ်အဖွဲ့များ အဆင်ပြေသလို တွေ့ဆုံညှိနှိုင်းမှုများ ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment