address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, August 31, 2014

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် တက်ရောက်ခွင့်ရရန် လူငယ်များတောင်းဆို


31.8.2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းအတွက် ပြုလုပ်နေသည့် ဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် တက်ရောက်ခွင့်ရရန်အရပ်ဘက် လူငယ်အဖွဲ့ အစည်းများက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ တောင်းဆိုခဲ့သည်ဟု အဖြူရောင်တွဲလက်များ အဖွဲ့ဝင် ကိုသီဟမောင်မောင်က မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ နှင့် အရပ်ဘက်လူငယ်အဖွဲ့အစည်း ၁၆ ဖွဲ့က ကိုယ်စားလှယ်များ သြဂုတ်လ ၃၀ ရက်က တွေ့ဆုံစဉ် အရပ်ဘက် လူငယ်အဖွဲ့အစည်းများက ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ကိုသီဟမောင်မောင်က “ ကျွန်တော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ လေ့လာသူအဖြစ် တက်ရောက်ခွင့်ရဖို့ တောင်းဆိုတော့ ဝန်ကြီးဦးအောင်မင်းက လူဦးရေ အကန့်အသတ်တော့ ရှိလိမ့်မယ်။ လေ့လာလို့ရအောင် ကြိုးစားပေးမယ်။ ညှိနှိုင်းမှုတွေလည်း လုပ်ရဦးမယ်လို့ ပြောပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲတွင် အရပ်ဘက်လူငယ် အဖွဲ့အစည်းများက အချက်သုံးချက်ကို တောင်းဆိုဆွေးနွေးခဲ့ကြသည်။ ယင်းအချက်များမှာ လူငယ်ကိုယ်စားလှယ်များက အပစ်ရပ် လက်မှတ် ရေးထိုးရာတွင် မည်သို့အာမခံချက်များ ရရန် ပြင်ဆင်ထားမှု အခြေအနေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များ ပါဝင်နိုင်ခွင့် အခန်းကဏ္ဍ နှင့် အစိုးရနှင့် NCCTတို့ တွေ့ဆုံဆွေးနွေးမှု အပြီး လူငယ်များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယင်းမေးခွန်းများနှင့် ပတ်သက်၍ လူငယ်များ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်ရန် အမြဲတမ်း လမ်းဖွင့်ပေးထားပြီး နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ချိန်တွင် အာမခံများရရှိလာမည်ဟု
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်ဟု ကိုသီဟမောင်မောင်က ပြောသည်။

အမျိုးသားလူငယ်စင်တာ ယာယီကော်မတီ အဖွဲ့ဝင် ကိုသက်ဆွေဝင်းက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ်တွေ သတင်းတွေကို လူငယ်တွေကို ပြန်လည်မျှဝေပေးဖို့ တောင်းဆို ခဲ့ပါတယ်။ ကျွန်တော်တို့ အချက်သုံးချက်ကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။”ဟုပြောသည်။

တွေ့ဆုံဆွေးနွေးပွဲကို အရပ်ဘက်လူငယ်အဖွဲ့အစည်း ၁၆ ဖွဲ့မှ ကိုယ်စားလှယ် ၂၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။ အရပ်ဖက် လူငယ်အဖွဲ့အစည်း ၂၀၏ ကိုယ်စားပြု
လူငယ်၂၀နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ သြဂုတ်လ ၁၉ ရက်က ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်တွင် နံနက် ၉နာရီမှ ၁၂နာရီထိ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

အရပ်ဘက်လူငယ်အဖွဲ့အစည်းများနှင့် NCCT တို့ သြဂုတ်လ ၁၉ ရက် တွေ့ဆုံပွဲတွင် NCCT နှင့် အရပ်ဘက် လူငယ်အဖွဲ့အစည်းများ တစ်လတစ်ကြိမ် တွေ့ဆုံခွင့်အပြင်၊ အပစ်ရပ် လက်မှတ်တွင် မည်သည့် အာမခံချက်များ ရရန်ပြင်ဆင်ထားသနည်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များပါဝင်နိုင်မည့် အခန်းကဏ္ဍနှင့် အစိုးရနှင့် NCCT တို့ တွေ့ဆုံဆွေးနွေးမှုမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များကို လူထုအား ပြန်လည်အသိပေးရန် နှင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များရှိ ပြည်သူလူထုများနှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ရန်တို့ ဆွေးနွေးခဲ့သည်။

Mizzima

No comments:

Post a Comment