address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 4, 2014

ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား မြဝတီမြို့တွင် ကျင်းပ




4.8.2014

နိုင်ငံတော်အတွင်း နေထိုင်လျက်ရှိသည့် တိုင်းရင်းသား လူမျိုးတိုင်းတွင် ရိုးရာအစဉ်အလာ ထုံးတမ်း ဓလေ့များရှိကြရာ ၊ ကရင်တိုင်းရင်းသား မျိုးနွယ်စု တစ်ရပ်အနေဖြင့်လည်း အမျိုးဂုဏ်၊ ဇာတိဂုဏ် ရှင်သန်ထက်မြက်ရေး၊ အသက်သဖွယ် ရိုးရာအစဉ်အလာ ဓလေ့ထုံးတမ်းများကို ရှေးယခင် နှစ်ပေါင်း များစွာမှ ယနေ့မျက်မှောက် ခေတ်ကာလ တိုင်အောင် ထိန်းသိမ်း စောင့်ရှောက် လာခဲ့ကြသည်။

ကရင်လူမျိုးများ ယုံကြည်မြတ်နိုး တန်ဖိုးထားထိန်းသိမ်း လျက်ရှိသည့် ရိုးရာဓလေ့ များ အနက်မှ လက်ချည်မင်္ဂလာ(ခေါ်)ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့ ဩဂုတ် ၃ ရက်၊ နံနက် ၈ နာရီက မြဝတီမြို့ နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက် ပြန့်ပွားရေးအသင်းရုံးတွင် ကျင်းပသည်။
 
အဆိုပါ ချည်ဖြူဖွဲ့မင်္ဂလာပွဲ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက် များကို ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေး အသင်း နာယက၊ အခမ်းအနား သဘာပတိ ဦးမန်းဘုန်းကြွယ် က ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ချည်ဖြူဖွဲ့မင်္ဂလာအကြောင်းအား အခြေခံပညာ အထက်တန်းကျောင်း မှ ဆရာမ ဒေါ်နန်းစန်းစန်းအေး က ကရင်(ပိုး)ဘာသာဖြင့် လည်းကောင်း၊ မြို့နယ်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း မှ ဦးစောဖံသာ က ကရင်(စကော)ဘာသာဖြင့်လည်းကောင်း၊ ချည်ဖြူဖွဲ့ ဆုတောင်းခြင်း၊ ရွတ်ဖတ်ခြင်းကိုဦးစောအောင်ဝင်း က လည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများ၊ ရိုးရိုးအောင်မြင် သူများအား ခရိုင်အုပ်ချုပ်ရေးမှူးဦးလွင်ကိုဦး နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ၊ ဂုဏ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး၊ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးသူမျာအား အခမ်းအနားကျင်းပရေးကော်မတီမှ တာဝန်ရှိသူများကဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။

ယင်းနောက် အဖိုး(၇)ဦး၊ အဖွား(၇)ဦးတို့က ကရင်ရိုးရာထုံးတမ်းဓလေ့များနဲ့ အညီ တက်ရောက်လာသည့် ပရိတ်သတ်များကို ချည်ဖြူဖွဲ့မင်္ဂလာ ကျင်းပပြုလုပ်ပေး ခဲ့ပြီး၊ ယဉ်ကျေးမှုအဖွဲ့များက အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေပေးသည်။

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာကို ကရင် (ပိုး)ဘာသာဖြင့် { ခိုင်စူး } ၊ ကရင် (စကော)ဘာသာဖြင့်{ ကိစူး}ဟု ခေါ်ဆိုပြီး အဓိပ္ပါယ်မှာ လက်ကိုရစ်ပတ် ချည်နှောင်ခြင်းဖြစ်သည်။ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာကို ယေဘူယျ အားဖြင့် သုံးမျိုးသုံးစားရှိကြောင်း၊ အချိန်အခါ နေရာဒေသကိုလိုက်ပြီး ကျင်းပပြုလုပ်ကြကြောင်း၊ ယင်းသုံးမျိုးမှာ လိပ်ပြာချည်ဖြူဖွဲ့ခြင်းမင်္ဂလာ (လာဂါခိုင်စူး)၊ ထိမ်းမြားမင်္ဂလာချည်ဖြူဖွဲ့ခြင်း(အောင်းမောက်ခိုင်စူး) ဝါခေါင်လ ချည်ဖြူဖွဲ့ခြင်းမင်္ဂလာ (လာခေါင်ခိုင်စူး)တို့ ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar

No comments:

Post a Comment