address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 5, 2014

ကျောင်းပိုင်မြေကို ခြံခတ်သည့် KNU/KNLA အဖွဲ့ဝင်များကို ရန်ကုန်စည်ပင် တရားစွဲရန်ပြင်




5.8.2014

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းရှိ အမှတ် (၄) အထက်တန်းကျောင်းပိုင် မြေထဲမှ အလျား ပေ ၁၂၀၊ အနံ ပေ ၅၆၀ ရှိသော မြေကွက်ကို ရန်ကုန်မြို့တော် မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများထံ အသိပေးခြင်း မရှိဘဲ ခြံခတ်ခဲ့သော KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (PC) တပ်ဖွဲ့ဝင်များကို တရားစွဲဆိုရန် ပြင်ဆင်လျက် ရှိကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် စည်ပင်သာယာရေး ကော်မတီ အုပ်ချုပ်ရေးမှူး ဦးမြတ်မော်ဦးက ပြောကြားသည်။ “သူတို့ကို ရပ်တန့်ဖို့ တားမြစ်ထားတယ်။ ဆက်လုပ်နေမယ် ဆိုရင်တော့ ဥပဒေအရပဲ ဆက်လက် လုပ်ဆောင်မယ်” ဟု ၎င်းကဆိုသည်။

သြဂုတ်လ ၂ ရက်နေ့တွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (ဗဟို) စီးပွားရေးတပ်ဖွဲ့မှ ဗိုလ်မှူးမိုက်ကယ် ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၀ ဦးခန့်သည် ဗိုလ်ဗထူးလမ်းရှိ အမှတ် (၄) အထက်တန်းကျောင်းပိုင် မြေကို မည်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်းကိုမျှ အသိပေးခြင်း မရှိဘဲ ခြံခတ်ခြင်း ဖြစ်ကြောင်း ၄၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုဦးက အတည်ပြု ပြောကြားသည်။

ယင်းနေ့ ညနေပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူများ၊ မြောက်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့က ယင်းမြေနေရာ ပိုင်ဆိုင်ခွင့် အထောက်အထားများ ပြသရန် KNU/KNLA အဖွဲ့ထံကို တောင်းဆိုခဲ့သော်လည်း ပြသနိုင်ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

ယင်း အထက်တန်းကျောင်းပိုင် မြေနေရာကို ဝင်ရောက် ခြံခတ်ခဲ့သည်ဟု ဆိုသူ KNU/KNLA စီးပွားရေးတပ်ဖွဲ့မှ ဗိုလ်မှူးမိုက်ကယ်ကမူ “KNU က မြေသိမ်းတာ မဟုတ်ဘူး မြေဂရန်ပိုင်ရှင် လယ်သမားနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေသောသူ တစ်ဦးကြား ကျွန်တော်တို့က ဝင်ရောက် ဖြေရှင်းပေးဖို့အတွက် ခြံခတ်တာ ဖြစ်တယ်။ ပြီးတော့ ဒီမြေက ကျောင်းက ပိုင်တာ မဟုတ်ဘူး” ဟု ငြင်းဆိုသည်။

ယင်းမြေနေရာ ကိစ္စနှင့် ပတ်သက် ပြီး အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိရန် ရည်ရွယ်လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဝင်ရောက် ဖြေရှင်းပေးခြင်းသာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။ ၁၉၈၉ ခုနှစ်၌ ဒဂုံမြို့သစ် တည်ချိန်တွင် အဆိုပါ မြေကွက်နေရာကို အစိုးရက ကျောင်းပိုင်မြေအဖြစ် တရားဝင် ချပေးထားသော မြေကွက်ဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ဆိုသည်။

The Voice Weekly

No comments:

Post a Comment