address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 4, 2014

ထိုင်းတနိုင်ငံလုံး သြဂုတ် ၄ ရက်ကစပြီး အလုပ်သမားကတ် လုပ်ပေးမည်




4.8.2014

ထိုင်းစစ်ကောင်စီက မြန်မာ အပါအ၀င် ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား အားလုံးကို သြဂုတ် ၄ ရက်စပြီး တနှစ်သက်တမ်းရှိ အလုပ်သမားကတ်တွေ လုပ်ဆောင်ပေးတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ရှေ့ပြေးစမ်းသပ်တဲ့အနေနဲ့ ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ အလုပ်သမားကတ်တွေ တနေရာထဲအပြီး လုပ်ဆောင်ပေးခဲ့ပြီးတဲ့နောက် အခု တနိုင်ငံလုံးမှာ လုပ်ဆောင်ပေးတော့မယ်လို့ ကြေညာခဲ့တာဖြစ်တဲ့အကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

“မူလက စမွန်စာခွန်း ၁ နေရာထဲစလုပ်ခဲ့တယ်။ အဲဒါပြီးမှ ဇူလိုင်လ ၇ ရက်နေ့က စပြီး ဘန်ကောက်မြို့နယ် တခွင် ၆ မြို့နယ် နောက်တခါ တောင်ပိုင်းဒေသ အပါအ၀င် ပြည်နယ် ၇ ခု ဆိုပြီး အဲဒီလို လုပ်လိုက်တယ်။ လုပ်ရမယ့်နေရာတွေ များတဲ့အတွက် အခုတခါ သြဂုတ်လကစတင်ပြီး တပြိုင်နက်ထဲကို ဆက်တိုက်အလုပ်ပေးသွားမယ်လို့ ပြောပါတယ်။ အဲဒါက ဘယ်အချိန်အထိလဲဆိုတော့ ၂၀၁၅ မတ်လ အကုန်အထိ အကုန်လုံးကို လုပ်သွားမယ်။ ဆိုလိုတဲ့ သဘောက တနိုင်ငံလုံးမှာ တရားမ၀င်အလုပ်သမား မရှိစေရဆိုတဲ့ စီမံကိန်းနဲ့ သွားတာပါခင်ဗျ။”

ရှေ့ပြေးစမ်းသပ်လုပ်ပေးခဲ့တဲ့ မဟာချိုင်ဘက်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇ သောင်း လောက် အလုပ်သမားကဒ်ရခဲ့ကြတယ်လို့လည်း ပြောပါတယ်။

အလုပ်သမားကတ်လုပ်ဖို့ ဘတ်ငွေ ၃၀၈၀ ကုန်ကျမှာဖြစ်ပြီး တနေရာထဲမှာ နာရီပိုင်းအတွင်း လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အလုပ်သမားရဲ့ မှီခိုသူမိသားစုတွေကတော့ ဘတ် ၂၀၀၀ ကျော်ပဲ ကုန်ကျမှာဖြစ်ပါတယ်။

အလုပ်သမားကတ်သက်တမ်း တနှစ်အတွင်း ၂ နိုင်ငံအစိုးရ တာဝန်ရှိသူတွေက နိုင်ငံသားစိစစ်ပြီးရင် ယာယီနိုင်ငံကူးလက်မှတ်တွေ ဆက်လုပ်ဆောင်ပေးမှာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံထဲရှိ အလုပ်သမားအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကုလအဖွဲ့တို့ရဲ့ စာရင်းဇယားတွေအရ ထိုင်းမှာ မြန်မာအလုပ်သမား ၃ သန်းကျော်ရှိပြီး အလုပ်သမားကတ် မလုပ်ရသေးတဲ့ အလုပ်သမား ၁ သန်းလောက်ကျန်ရှိနေသေးတယ်လို့ ခန့်မှန်းထားကြပါတယ်။

DVB

No comments:

Post a Comment