address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 19, 2014

ကရင် စာပေသင်ကြားရန် မှော်ဘီမြို့နယ်တွင် စာရင်း စတင်ကောက်ယူ


19.8.2014

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကရင်ကျောင်းသား အများဆုံးရှိသည့် စာသင်ကျောင်းများတွင် ကရင် စာပေသင်ကြားနိုင်ရေး အတွက် ကရင်ကျောင်းသား စာရင်းအား မှော်ဘီမြို့နယ်တွင် ယနေ့ စတင်ကောက်ယူနေပြီ ဖြစ်ကြောင်း ကရင် စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကရင် စာပေသင်ကြားနိုင်ရန်အတွက် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီကို ကရင်တိုင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ဗဟိုကော်မတီ အဖွဲ့ဝင် (၃၀) ဖြင့် သြဂုတ်လ (၁၆)ရက် နေ့က စတင်ဖွဲ့စည်းခဲ့သည်။

ကရင်လူမျိုး တော်တော်များများက ကရင် စာမတက်ကြဘူး။ ကျောင်းချိန်ပြင်ပမှာ သင်ဖို့ကြတော့လည်း ကလေးတွေက ကျူရှင်တွေ ဘာတွေနဲ့ စိတ်မ၀င်စားကြဘူး။ ဒါကြောင့် ကျောင်းချိန် မစခင်လေးမှာ သင်ကြားနိုင်ဖို့ အတွက် အခုလို စာရင်းတွေလိုက် ကောက်နေတာပါ ဟု မှော်ဘီ မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ဖြစ်မြောက်ရေး ကော်မတီမှ ဒေါ် နော်အုန်းလှက The Messenger Media သတင်းစာသို့ ပြောသည်။

လက်ရှိ မှော်ဘီမြို့နယ်တွင် စတင် ကောက်ယူမည်ဖြစ်ပြီး ထို့နောက် ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်တွင် ကောက်ယူ သွားမည် ဖြစ်ကာ အခြားမြို့နယ်များ ၌ ကောက်ယူပြီး ရရှိလာသော စာရင်းအား အချောသတ်၍ မှော် ဘီမြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံကာ ကရင် စာပေသင်ကြားနိုင်ရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ကရင် စာပေအား ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ကရင်ကျောင်းသားများ အများစုရှိသည့် စာသင်ကျောင်းများတွင် ကျောင်းချိန် မစခင်အချိန်၌ သူငယ်တန်းနှင့် ပထမတန်းတို့အား စတင်သင်ကြားနေပြီ ဖြစ်ကြောင်း ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီထံမှ သိရသည်။ ၁၉၄၈ ခုနှစ် မှ ၁၉၇၄ ခုနှစ် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်မတိုင်မီ အထိ တိုင်းရင်းသား ဘာသာစာပေများကို တိုင်းရင်းသား ပြည်နယ်များ တွင် တရားဝင် သင်ကြား ခွင့်ရရှိခဲ့ သော်လည်း နောက်ပိုင်းတွင် တရားဝင်သင်ကြားခွင့်များ ပိတ်ပင်ခဲ့သည်။ ထို့နောက်နိုင်ငံ တော်အစိုးရမှ တိုင်းရင်းသား စာပေတရားဝင် သင်ကြားခွင့်ကို ၂၀၁၃ခုနှစ်၊ အောက်တိုဘာလတွင် စတင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

The Messenger Media

No comments:

Post a Comment