address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, August 1, 2013

အမှန်တကယ် ပြင်ဆင်လိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေအား ရက် ၃၀ ဖြင့်ပင် ပြင်ဆင်နိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား



1.8.2013
ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အမှန်တကယ် ပြင်ဆင်လိုသည့် ဆန္ဒသာရှိပါက လပေါင်း ၃၀ မလိုဘဲ ရက်ပေါင်း ၃၀ ဖြင့်ပင် ပြင်ဆင်နိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။


ဇူလိုင် ၃၁ ရက်၊ ပြည်ထောင်စုလွှတ်တော်နာယက လွှဲပြောင်းပွဲအပြီးတွင် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းတွင် ပြုလုပ်သော သတင်းမီဒီယာ များနှင့် တွေ့ဆုံပွဲတွင် သတင်းထောက်တစ်ဦး၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော် မတီ ဖွဲ့စည်းပြီးသည့်နောက် ပြင်ဆင်မှုများပြုလုပ်ရန် အချိန်လပေါင်း ၃၀ ကျန်ရှိသည့်အပေါ် သူမ၏ အမြင်ကို မေးမြန်းရာ၌ ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"တကယ်တော့ သက်ဆိုင်ရာလူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းချင်တယ်ဆိုရင် လပေါင်း ၃၀ တောင် မဟုတ်ဘူး။ ရက် ၃၀ တောင်မလိုဘူး။ ဆုံးဖြတ်ချက်ချဖို့ပဲ လိုတာ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲဖို့ ဆိုတာတော့ ကော်မတီကနေတစ်ဆင့် တတ်နိုင်သမျှလုပ်မယ် ။ ကော်မတီ ထဲမှာ အင်န်အယ်လ်ဒီ အဖွဲ့ဝင်ခုနစ်ယောက်ပါတယ်။ အဖွဲ့ဝင် ၁၀၉ ဦးထဲမှာ ခုနစ်ယောက်ဆိုတာ သိပ်မ များဘူး ဆိုပေမယ့်လည်း လွှတ်တော်တွေမှာရှိတဲ့ အမတ်ဦးရေနဲ့ စာလို့ရှိရင်တော့ မဆိုးပါဘူး။ များများ စားစား နေရာပေးထားတယ်လို့ ပြောရမယ်။ နောက်တစ်ခုက အန်တီတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့်လည်း ပြည်သူလူထုကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ချပြပြီး ရှင်းလင်းပွဲတွေလုပ်ဖို့ အစီအစဉ် ရှိပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ မည်သည့်အချက်အလက်များ ပါဝင်သည်ဆိုသည်ကို ပြည်သူလူထု အနေဖြင့်သိရှိမှု အားနည်းနေကြောင်း မည်သည့်အတွက်ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက် များ ပြောင်းလဲရန် လိုအပ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ယူဆသည် ကို ပြည်သူများ ထံ ချပြရန် အစီအစဉ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် လက်ရှိအချိန်တွင် လွှတ်တော်တွင်း၌ကော်မတီ ဖွဲ့စည်း ထားကြောင်း အဆိုပါကော်မတီ အနေဖြင့် မှန်မှန်ကန်ကန် သုံးသပ်မည် ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် ပြင်ဆင်ရန် လိုအပ်သော အချက်များကို တွေ့ ရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မတီ ၀င်များအနေဖြင့် မှန်မှန်ကန်ကန် သတိရှိရှိဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြင်ဆင်ရန် ခက်ခဲပြီး ပြင်ဆင်လို့မရရန် ပြုလုပ်ထားခြင်း ဖြစ်သောကြောင့်လည်း ပြင်ဆင် ရန် ခက်ခဲနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်လျှင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲချုပ်အနေဖြင့် နိုင်ငံ့အကျိုးကို ရှေးရှုပြီး အကောင်းဆုံးလမ်းကို သာ လျှောက် လှမ်းသွားမည်ဟု ဇူလိုင် ၁၈ ရက်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဦးသိန်းဆွေတို့နှင့် မြန်မာ ဂျာနယ်လစ်ကွန်ရက် အဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှေ့နောက်မညီသည့် အချက်များရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပေးပါက ပြင်ဆင်ပေးသည်အထိ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သို့သော် မိမိခန့်မှန်းထားသလောက် မြန်ချင်မှ မြန်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။




No comments:

Post a Comment