address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, October 24, 2013

အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီတို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ခုနစ်ချက် ချမှတ်နိုင်ခဲ့


24.10.2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လွိုင်ကော်မြို့တွင် အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နှစ်ရက်တာ ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် ခုနစ်ချက်ကို ချမှတ်နိုင်ခဲ့သည်။


ဆွေးနွေးပွဲတွင် KNPP ဘက်မှ တင်ပြလာသော အဆိုပြုချက် လေးချက်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ တင်ပြလာသော အချက်သုံးချက်တို့အား ဦးတည် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထိုဆုံးဖြတ်ချက် ခုနစ်ချက်တွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံပွဲကြီးသို့ ရောက်ရှိရေးအတွက် ဆောင်ရွက်သွားကြရန်၊ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို ၁၀ ဦးဖြင့် ဖွဲ့စည်းခြင်းအား နှစ်ဖက်သဘောတူ အတည်ပြု၍ ဆောင်ရွက်ကြရန် ၊ မယ်စဲ့မှ ဘီပီ (၁၃)နယ် စပ်ကုန်သွယ်ရေး လမ်းကြောင်း လုံခြုံရေးအား KNPP ကူညီ ဆောင်ရွက်ပေးရန် စသည်တို့ ပါဝင်သည်။

ထို့ပြင် မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် နှစ်ဖက် တာဝန်ရှိသူများ ပူးတွဲဆောင်ရွက်သွားကြရန် IDP များအတွက် Pilot Project အား ပူးတွဲ ဆောင်ရွက်ရန်တို့အပြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်တို့ သဘောတူကြသည်။

ဆွေးနွေးပွဲရလဒ်များနှင့် ပတ်သက်၍ Myanmar Peace Center မှ အထူးအကြံပေး ဦးလှမောင်ရွှေက လက်တွေ့ အကောင်အထည်ဖော်ရာတွင် လိုအပ်သော အချက်များကိုသာ သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း၊ KNPP ဘက်မှ လူများသည် အင်မတန် ရိုးသားသောသူများ ဖြစ်သည်ကို တွေ့ရကြောင်း၊ လာမည့် လိုင်ဇာတွင် ပြုလုပ်မည့် ပွဲအတွက် နှစ်ဖက်ပြင်ဆင်နိုင်မည်ကို တွေ့ရကြောင်း သတင်းထောက်များအား ပြောကြားသည်။

တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှတ်တမ်းကို KNPP ဘက်မှ ပါတီအမြဲတမ်း ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးဘုန်းနိုင်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး(ကယားပြည်နယ်)မှ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မျိုးအောင်တို့က လက်မှတ်ရေးထိုး ခဲ့သည်။

ဆွေးနွေးပွဲသို့ KNPP ဘက်မှ ဒုဥက္ကဋ္ဌ ခူးဦးရယ်၊ အမြဲတမ်း ဗဟိုကော်မတီဝင်များဖြစ်သော ဗိုလ်ချုပ်ဘီထူး၊ ဗိုလ်မှူးကြီးဘုန်းနိုင်၊ ခူးဒယ်နရယ်၊ အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့် အပါအ၀င် ရုံးအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးအောင်မင်း၊ ၀န်ကြီး ဦးခင်မောင်စိုး၊ ၀န်ကြီးဦးသန်းဌေး၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးလှမောင်ရွှေတို့အပြင် ဒုတိယ၀န်ကြီးဗိုလ်ချုပ် မောင်မောင်အုန်း၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ ဗိုလ်မှူးကြီး ဇော်မျိုးတင်တို့ တက်ရောက်၍ တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်(ရပခ) နှင့် ဒကစမှူး (လွိုင်ကော်) ဗိုလ်ချုပ် ဇော်ထွတ်တို့လည်း တက်ရောက်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment