address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 21, 2013

ကရင်အမျိုးသားများ သဟာယ အသင်းမှ ပထမအကြိမ် ကရင်လူငယ်များတွေ့ဆုံပွဲကျင်းပ


21.10.2013

ကရင်အမျိုးသားများ သဟာယ အသင်းက ဦးဆောင်ကျင်းပသည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး ကရင် လူငယ်များတွေ့ဆုံပွဲအခမ်းအနားတစ်ရပ်ကို အောက်တိုဘာ ၁၉ ရက်နေ့တွင် မရမ်းကုန်မြို့ နယ်၊ (၂)ရပ်ကွက် (ခ၀ဲခြံ)၊ မခမမ ခန်းမ၌ ကျင်းပခဲ့သည်။

အနာဂတ် ကရင်မျိုးဆက်သစ်လူငယ်များ၊ ကရင်လူမူဘ၀နှင့် ကိုက်ညီ စစ်မှန်သည့် ကရင်ယဉ်ကျေးမှုကို မြတ်နိုးဖော်ထုတ်ထိန်းသိမ်းမြှင့်တင်လိုသည့် အသိစိတ်ဓာတ်များ ကိန်းအောင်းရှင်သန်ရန်၊ မျက်မှောက်ခေတ် ရေးရာအဖြာဖြာကို သိရှိနားလည်ပြီး ခေတ်နှင့်အညီ ပါဝင်လှုပ်ရှားကာ ဖွံ့ဖြိုးတိုးတတ်သော ကရင်လူမှုဘ၀ကို အတူတကွ လက်တွဲတည်ဆောက်ကြရန် ရည်ရွယ်၍ အခမ်းအနားကျင်းပရခြင်းဖြစ်သည်ဟု ကရင်အမျိုးသား သဟာယအသင်း၏ အတွင်းရေးမှူး စောစန်းဒိုက ပြောသည်။

“ဒီကနေ့  တွေ့ဆုံပွဲက ပထမခြေလှမ်း ပဏာမတွေ့ဆုံပွဲသဘောမျိုးဖြစ်တယ်။ လူငယ်တွေကို အစပျိုးပေးတဲ့ သဘောဖြစ်တယ်။ နောက်ပိုင်းလူငယ်တွေ အချင်းချင်း ချိတ်ဆက်ပြီး ကရင်လူငယ်ညီလာခံကြီး တစ်ခုပေါ်လာ တဲ့အထိ လုပ်သွားဖို့ ရည်ရွယ်ထားတယ် “ဟု စောစန်းဒိုက ကေအိုင်စီသို့ ပြောသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ ကရင်အမျိုးသား သဟာယအသင်း ဥက္ကဌ အငြိမ်းစားသမိုင်းပါမေက္ခ စောထွန်းအောင်ချိန်တို့အပါအ၀င် မှော်ဘီ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ထန်းတပင်၊ လှည်းကူး၊ အင်းစိန်နှင့် တွံ့တေးမြို့နယ်တို့ရှိ ကရင်လူငယ်များနှင့် ကရင်လူငယ်ကွန်ယက်အဖွဲ့ဝင်ကိုယ်စားလှယ်များ စုစုပေါင်း လူ ၁၀၀ ခန့် တတ်ရောက်ခဲ့ကြသည်။

ထိုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ မှော်ဘီမြို့နယ်၊ တလုပ်ကုန်းကျေးရွာမှ နော်သောသောအယ်က “ဒီအခမ်း အနားကို လာတတ်တော့ ဗဟုသုတရတယ်။ ရွာမှာဆို ဘာမှသိရတာ မဟုတ်ဘူး။ ကရင်လူငယ်တွေ စည်းစည်း လုံးလုံးနဲ့ စုပေါင်းလုပ်ကြမယ်ဆို အားတစ်ခုတော့ဖြစ်လာမယ်”ဟု ကေအိုင်စီသို့ ပြေဆိုသည်။

ထို့အပြင် နံနက် ၉နာရီမှ ညနေ ၃နာရီအထိ တစ်ရက်တာကျင်းပသည့် ယင်းတွေ့ဆုံပွဲတွင် တတ်ရောက်လာ သည့် ကရင်လူငယ်များက စီးပွားရေး၊ ဥပဒေ ရေးရာ၊ ပညာရေး၊ စာပေယဉ်ကျေးမှုနှင့် လူမူပတ်ဝန်းကျင်ရေးရာ များကို အမြင်ဖလှယ်ဆွေးနွေးခဲ့ကြသည်။

့တွေ့ဆုံပွဲအပြီးတွင် မြို့နယ်အလိုက် ကိုယ်စားလှယ် ၇ဦး များပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး ကရင်လူငယ် များဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းကော်မတီသည် ယခုလကုန်ပိုင်းတွင် အစည်း အဝေးပြုလုပ်မည်ဖြစ်ပြီး ကော်မတီအဖွဲ့များတိုးချဲ့ဖွဲ့စည်းရန်၊ ရှေ့လုပ်ငန်းစဉ်များချမှတ်၍ ကျယ်ပြန့်သည့် တွေ့ဆုံပွဲများပြုလုပ်ရန် စသည့် ရှေ့လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

KIC (Karen Information Center)

No comments:

Post a Comment