address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, November 10, 2013

လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ တရားစီရင်မှုတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်



10.11.2013

နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုများနှင့် ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ တရားစီရင်မှုတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ယင်းသို့ ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် ပထမအကြိမ် မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အရာရှိများ၏ ပြစ်မှုဆိုင်ရာ တရားစီရင်မှုတွင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ရန်ကုန်မြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အရာရှိများ၏ ပြစ်မှုဆိုင်ရာ တရားစီရင်မှုတွင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ မြန်မာကိုယ်စားလှယ် (၁၇)ဦး၊ ထိုင်းနိုင်ငံဘက်မှ ထိုင်းကိုယ်စားလှယ် (၁၇)ဦးတို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၏ လုပ်ငန်းစီမံချက် (၂၀၁၂-၂၀၁၄) အကောင်အထည်ဖော်ရေး ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကိုလည်း နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်အထိ ရန်ကုန်မြို့၌ပင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၀၉ ခုနှစ်က နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး ခဲ့ကြကြောင်း၊ MoU ကို သုံးနှစ်တစ်ကြိမ် Plan of Action ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၀၉-၂၀၁၁ နှင့် ၂၀၁၂-၂၀၁၄ ခုနှစ် နှစ်အလိုက် ပိုင်းခြားကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၂-၂၀၁၄ ခုနှစ် Plan of Action မှာ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံးများ ဖွင့်လှစ်သွားရန်ဆိုသည့် လုပ်ငန်းစဉ် တစ်ခုအဖြစ် ပါဝင်သဖြင့် ၂၀၁၂ မတ်လတွင် တာချီလိတ်-မဲဆိုင်၊ သြဂုတ်လတွင် ကော့သောင်း-ရနောင်းစသည့် Border Cooperation Against Trafficking in Persons (BCA-TIP) ရုံးများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၃၁ ရက်ကလည်း တတိယမြောက် မြန်မာ-ထိုင်း လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံးကို မြ၀တီနှင့် မဲဆောက်တွင် ဖွင့်လှစ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment