address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, February 6, 2014

မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းရန် ရန်ကုန်မှ မြစ်ဆုံထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်မည်


6.2.2014

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားသော ဧရာဝတီမြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းရေး အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုကော် မတီမှဦးဆောင်၍ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကချင်ပြည်နယ် မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒထုတ် ဖော်သွားမည်ဖြစ်သည်ဟု ယင်းကော်မတီမှ ဦးဆောင်အဖွဲ့ဝင် ဦးရဲထွဋ်ခေါင်က ဖေဖော်ဝါရီ ၅ ရက်တွင် ပြောသည်။

လမ်းလျှောက်ဆန္ဒထုတ်ဖော်ရန် အရပ်ဘက်အဖွဲ့အစည်း ၃၄ ဖွဲ့က ပါဝင်ဆင်နွဲမည်ဟု ကမ်းလှမ်းထား ပြီး မတ်လ ၁ ရက်တွင် ဆန္ဒပြမည့်သူများနှင့် ဆန္ဒပြမည့်အချိန်ကို တရားဝင်ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကာ ခန့်မှန်းခြေအားဖြင့် လူအင်အား ၁၀၀၀ ကျော် ပါဝင်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ဦးရဲထွဋ်ခေါင်က “မြစ်ဆုံစီမံကိန်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုင်တယ်။ Signature Campaign တွေ Dabate တွေ လုပ်နေရုံနဲ့ မရတော့ဘူး၊ အဲဒါကြောင့် နိုင်ငံသူ နိုင်ငံသားတွေရဲ့အသံကို နားထောင် ဖို့အတွက် ရန်ကုန်မြို့ကနေပြီး ချီတက်တာပေါ့။ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်သမ္မတအနေနဲ့ လုံးဝ ဖျက်သိမ်းဖို့ပါ”ဟု ၎င်းက ပြောသည်။

ထိုသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မည့်အပြင် လမ်းတစ်လျှောက်ရှိ မြို့များတွင် ပြည်တွင်း၊ ပြည်ပ ပညာ ရှင်များက ဟောပြောသွားမည်ဖြစ်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ချိန်မှာ တစ်လခန့် ကြာမြင့်မည် ဖြစ် သည်။
“ဆန္ဒဖော်ထုတ်တာနဲ့ ပတ်သက်လို့ကတော့ ခွင့်ပြုမိန့်တွေ ဘာတွေ တင်ဖို့တော့ မရှိဘူး။ ဒီကိစ္စကို အမျိုး သားရေးတာဝန်တစ်ရပ်အနေနဲ့ လုပ်တာပါ။ အကယ်၍ ဖမ်းမယ်ဆိုရင်လည်း ဖမ်းပေါ့ဗျာ”ဟု ဦးရဲထွဋ် ခေါင်က ပြောသည်။

ဆန္ဒထုတ်ဖော်ရာ လမ်းတစ်လျှောက်တွင် ရိက္ခာနှင့် ဆေးဝါး အပြည့်အစုံ စီစဉ်သွားမည်ဖြစ်ပြီး ဆန္ဒဖော် ထုတ်ရာတွင် ရုတ်တရက် ကျန်းမာရေးချို့တဲ့ပါက နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးမည်ဖြစ်ကာ ဆန္ဒဖော် ထုတ်နေစဉ်တွင် အကြောင်းကြောင်းကြောင့်မလိုက်နိုင်ပါက ရန်ကုန်အထိပြန်ပို့ပေးမည့်အစီအစဉ်လည်း ပါဝင်မည် ဖြစ်သည်။

အဆိုပါအဖွဲ့သည် ၂၀၁၁ ခုနှစ် ဇူလိုင်လက နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် မြန်မာနိုင်ငံတွင် ပထမဆုံး Signature Campaign လုပ်ခဲ့သော အဖွဲ့ဖြစ်ပြီး နာရေး ကူညီမှုအသင်းနှင့် ပူးပေါင်း၍ လက်မှတ်ပေါင်း ၁၀,၀၀၀ ခန့်ကောက်ယူကာ နိုင်ငံတော်အစိုးရထံသို့ တင် ပြတောင်းဆိုခဲ့ဖူးသည်။

မြစ်ဆုံစီမံကိန်းဆောင်ရွက်ရန် ယခင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သမ္မတဦးသိန်းစိန်က ၎င်း၏သမ္မတသက်တမ်း ငါးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများ ရပ်ဆိုင်းထားရန် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လွှတ်နိုင်မည့် မြစ်ဆုံစီမံ ကိန်းကို ၂၀၀၇ ခုနှစ်မှစတင်၍ အမှတ်(၁) လျှပ်စစ်ဝန်ကြီးဌာန၊ CNP ကုမ္ပဏီနှင့် အေရှားဝေါလ်ကုမ္ပဏီ များက တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Mizzima

No comments:

Post a Comment