address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 24, 2014

KNU ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာ ဒေသခံရွာသား တစ်ဦး သေဆုံး




မတ်လ ၂၄ ရက်

ကရင်ပြည်နယ် ကျောက်ကြီးမြို့နယ် မြောင်ဦးကျေးရွာနေ ဦးစိုင်းအောင်နိုင်နှင့် ၃ ဦးသည် မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက မီးသွေးများ သယ်ဆောင်ရန် ထွက်ခွာလာကြစဉ် ဖိုးကျောက်ကြီးကုန်းအနီး၌ KNU ထောင်ထား သော မိုင်းတစ်လုံးနင်းမိ ပေါက်ကွဲရာမှ ဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

`` မနက် ၇ နာရီလောက် ရွာက ထွက်လာကြတာပါ၊ ဖိုးကျောက်ကြီးကုန်း နားရောက်တော့ မိုင်းတစ်လုံးကွဲသံ ကြားရပြီး အဖေကတော့ အဲဒီနေရာမှာပဲ ဒဏ်ရာတွေနဲ့ လဲသွားပါတယ်၊ ကျွန်မတို့ကတော့ ဘာဒဏ်ရာမှ မရ ခဲ့ပါဘူး ´´ ဟု ဦးစိုင်းအောင်နိုင်၏ သမီးဖြစ်သူ မသီတာအောင်က ပြောသည်။

အဆိုပါဖြစ်စဉ်မှာ မြောင်ဦးရွာနေ ဦးစိုင်းအောင်နိုင်နှင့်အတူ သမီးများဖြစ်ကြသော မသီတာအောင်၊ မအေးသီတာ နှင့် ဦးကျော်ဝင်းတို့ လေးဦးသည် မီးသွေးများ သယ်ဆောင်ရန် ရွာမှ ထွက်ခွာလာကြရာ ဒေသ အခေါ် ဖိုးကျောက်ကြီးတုန်းအနီး၌ မိုင်းတစ်လုံးနင်းမိပေါက်ပွဲခဲ့ခြင်းဖြစ်ကြောင်း၊ နင်းမိသူ ဦးစိုင်းအောင်နိုင်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ကျန် ၃ ဦးမှာ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

`` မိုင်းနင်းမိတာက နေ့လယ် ၁၂ နာရီထိုးလောက်ပါ၊ ရွာကလူတွေ ပြန်ခေါ်ပြီး ထမ်းစင်နဲ့ ရွာကို ပြန်ထမ်းလာ ခဲ့ပါတယ်၊ ဒါပေမယ့် အိမ်ရောက်ပြီး နေ့လည် ၁ နာရီခွဲကျော်ကျော်လောက်မှာ ဆုံးပါးသွားခဲ့ပါတယ်´´ ဟု အတူလိုက်ပါခဲ့သော ဦးကျော်အောင်၏ ပြောပြချက်အရ သိရသည်။

မြောင်ဦးရွာနေ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက `` အခုလို မိုင်းဖြစ်စဉ် ဖြစ်သွားတော့ ရွာသူရွာသားတွေလည်း အတော်လန့်သွားကြတယ်၊ ဒီရွာသူရွာသားအများစုက မီးသွေးဖုတ်တယ်၊ မီးသွေးသယ်ပြီး ရောင်းတယ်၊ အဲဒီလို လုပ်ပြီး အသက်မွေးနေကြရတာပါ၊ တောထဲတောင်ထဲ မသွားလို့ မရဘူးဆိုတော့ အခုလို မဖြစ်အောင် မိုင်းအန္တရာယ်ကို သတိထားပြီးသွားလာဖို့ ပြောရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး ´´ ဟု ပြောကြားသွားခဲ့ သည်။

စောဖိုးသား (ကျောက်ကြီး )

No comments:

Post a Comment