address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 10, 2014

KNU ကို မတရားအသင်းအဖြစ် ကြေညာထားခြင်းကိစ္စ ပြေလည်မှု ရရှိမည်





10.3.2014



လွန်ခဲ့သည့် နှစ်ပေါင်း ၆၅ နှစ် (၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့) တွင် ပြည်ထောင်စု အစိုးရအဖွဲ့က ကရင်အမျိုးသား အစည်းအရုံးကို မတရားအသင်းအဖြစ် ကြေညာထားခြင်းသည် လက်ရှိ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးချိန်၌ အလိုအလျာက် ပြေလည်သွားမည့် ပြဿနာ ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့်အဖွဲ့ မတ်လ ၈ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က တောင်ငူမြို့ အမှတ် (၂၁) ရပ်ကွက် ကရင်အသင်းတော် ခန်းမဆောင်တွင် ဒေသခံ ကရင် တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲ၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အချိန်၌ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရက ဖော်ဆောင်လျက် ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ကျေနပ်ဖွယ် ကောင်းသည်ဟု ၎င်းကဆိုသည်။
“သမ္မတကြီးက မတရားအသင်း ကြေညာထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအထိ အပစ်အခတ် ရပ်စဲနိုင်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အမြန်ဆုံး ရုပ်သိမ်းပေးနိုင်ဖို့ စီစဉ်ပေးမယ်လို့ ကတိပေးထားပါတယ်။ ဒါကြောင့် လုံးဝ အပစ်အခတ် ရပ်စဲနိုင်ရေးက အဓိက ကျတယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

လက်ရှိအချိန်၌ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု ဖြစ်စဉ်များကြောင့် အပစ်အခတ် ရပ်စဲထားသည့် ကာလအတွင်း ငြိမ်းချမ်းရေး အသီးအပွင့်ကို ဒေသခံ ကရင်တိုင်းရင်းသား ပြည်သူများ ခံစားနေရပြီဟု ၎င်းကရှင်းပြသည်။

“အပစ်အခတ် လုံးဝရပ်စဲနိုင်တာနဲ့ ဒီပြဿနာက အလိုအလျောက် ပြေလည် သွားပါလိမ့်မယ်။ အချိန်တော့ စောင့်ရမှာပေါ့” ဟု ကရင်အမျိုးသား အစည်းအရုံး ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီး စောရော်ဂျာခင်က ဖြည့်စွက် ပြောကြားသည်။

ကရင်အမျိုးသား အစည်းအရုံးဟု ခေါ်သည့် ကရင်လွတ်မြောက်ရေး တပ်မတော်သည် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ကာ ခေတ်အဆက်ဆက် အစိုးရအဖွဲ့က မတရားအသင်းအဖြစ် ကြေညာခြင်း ခံထားရကြောင်း လက်ရှိ နိုင်ငံတော် အစိုးရနှင့် ၂၀၁၃ ခုနှစ်မှ စတင်ကာ အပစ်အခတ် ရပ်စဲထားရန် ညှိနှိုင်းမှု ရရှိထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပတ်အခတ် ရပ်စဲနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ကရင်အမျိုးသား အစည်းအရုံးဗဟိုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းတွေ့ဆုံပွဲသို့ ကရင်အမျိုးသား အစည်းအရုံး ဗဟိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အပါအဝင် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီး စောရော်ဂျာခင်၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး စောဂျူဗလီ စံလှနှင့် ဒေသခံ ကရင်တိုင်းရင်းသား ၅၀ ကျော် တက်ရောက် ခဲ့ကြကြောင်း တက်ရောက် လာသူများ၏ ပြောကြားချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment