address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 31, 2014

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ကမ္ဘာက လက်ခံနိုင်လောက်သည့် ပွင့်လင်းမြင်သာမှုမျိုးရှိအောင် လုပ်သွားမည်ဟု နိုင်ငံရေးပါတီများအား သမ္မတဦးသိန်းစိန် ကတိပေး




31.3.2014

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ကမ္ဘာက လက်ခံနိုင်လောက်သည့် ပွင့်လင်းမြင်သာမှုမျိုးရှိအောင် လုပ်ဆောင်သွားမည်ဟု သမ္မတဦးသိန်းစိန်က မတ် ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြု လုပ်သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ကတိပေး ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၆၅ ပါတီအနက် ၆၃ ပါတီ တက်ရောက်ခဲ့ပြီး အဆိုပါပါတီများက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲဖြစ်စေရန် တင်ပြမှုများနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်က ပြန်လည်သုံးသပ် ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၆၃ ပါတီက ဆွေးနွေးမှုများတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် ပြင်ဆင်သင့်သည့်အချက်များကို တင်ပြခြင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားများကို တင်ပြခြင်း၊ ပါတီငယ်များ၏ လိုအပ်ချက်အခြေအနေများနှင့် ပတ်သက်၍ တင်ပြခြင်းနှင့် သက်ဆိုင်ရာဒေသများရှိ လိုအပ်ချက်များကို တင်ပြခြင်းများ ပြုလုပ်ခဲ့သည်။

“ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ရေးကိစ္စပေါ့။ ဒါကလည်း ကမ္ဘာက လက်ခံနိုင်လောက်အောင် ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဒါကိုကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ဘယ်လိုတွေ လုပ်ရမယ်။ ဘယ်နည်း ဘယ်ပုံတွေ လုပ်ရမယ်ဆိုတာတွေကို အားလုံးလည်း လေ့လာထားပြီး ပြင်ဆင်ထားပြီးလည်း ဖြစ်ပါလိမ့်မယ်။ အဲတော့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အစိုးရပိုင်းကလည်း တာဝန်ရှိတဲ့အပိုင်းကနေ ပွင့်လင်းမြင်သာအောင် လုပ်သွားမှာဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

နိုင်ငံရေး တည်ငြိမ်အေးချမ်းမှုရှိမှသာ တစ်ဖက်တွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဇောက်ချလုပ်နိုင်မည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အလုပ်အကိုင်၊ စားဝတ်နေရေး အဆင်ပြေမှသာ နိုင်ငံရေးတည်ငြိမ်မှု ရှိမည်ဖြစ်ကြောင်း၊ ယင်းအချက်ကိုလည်း ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာမှုရှိပြီး လွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်အောင် ပြုလုပ်သွားမည်ဟု နိုင်ငံရေးပါတီများနှင့်တွေ့ဆုံစဉ် ပြောကြားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် လွတ်လပ်ပွင့်လင်းသည့် ရွေးကောက်ပွဲတစ်ခု ဖြစ်နိုင်သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သည့်ပြင်ဆင်မှုများ မပြုလုပ်ပါက တရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ခု ဖြစ်မလာနိုင်ကြောင်း ပြောကြားထားသည်။

လက်ရှိတွင် ပြည်ထောင်စုလွှတ်တော် နှင့် ပြည်နယ်၊ တိုင်းလွှတ်တော်များအတွက် လစ်လပ်မဲဆန္ဒနယ်နေရာ ၃၀ ရှိနေပြီး အဆိုပါနေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ် မကုန်မီ ပြုလုပ်မည်ဖြစ်ကြောင်း ဦးတင်အေးက ပြောကြားထားသည်။

(နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် သမ္မတဦးသိန်းစိန် ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ-ကြည်နိုင်))

Eleven Media Group

No comments:

Post a Comment