address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 24, 2014

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူအင်အား တစ်ထောင်စီဖြင့် မော်လမြိုင်နှင့် ထားဝယ်တွင် ဆန္ဒထုတ်ဖော်မည်


24.3.2014

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့တို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ဒေသမြို့ခံ လူထုအင်အား တစ်ထောင်ခန့်စီဖြင့် မတ်လ ၂၆ ရက်နေ့တွင် စီတန်းလှည့်လည် ဆန္ဒ ထုတ်ဖော်မည် ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ကန့်သတ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး အတွက် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးကိုကိုဇော်က ပြောကြားသည်။
“တခြား ပြည်နယ်မှာလည်း ဖွဲ့စည်းပုံ ပြင်ဆင်ဖို့အတွက် ဆန္ဒပြကြတယ်ပေါ့။ မွန်ပြည်နယ်မှာလည်း လုပ်ဖို့ လိုတယ်ထင်လို့ ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ရတာပါ။၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့အတွက် တစ်ပြည်လုံး အတိုင်းအတာနဲ့ ဆန္ဒထုတ်ဖော်ကြတဲ့ ပွဲပါပဲ” ဟု မော်လမြိုင်ခရိုင် NLD ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်သူ ဦးကိုကိုဇော်က ရှင်းပြသည်။

ယင်းအခြေခံ ဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲကို မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ အမှတ် ၄ တံတားမှ ဘိုကုန်းရပ်ကွက်ရှိ သံလွင်ဈေးနားထိ ငြိမ်းချမ်းစွာ စီတန်း လှည့်လည် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ကြသူများက မတ်လ ၂၆ ရက်နေ့ နံနက် ၈ နာရီမှ ၁၀ နာရီထိ ခွင့်ပြုချက် ရရှိထားသည့် နေရာအတိုင်း ဆိုင်းဘုတ်ကိုယ်စီ ကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒပြကြမည် ဖြစ်သည်။

ပြည်သူများကို ကာကွယ်ပေးထားခြင်း မရှိသော ဥပဒေများ ဖျက်သိမ်းပေး၊ ပုဒ်မ ၅၉ (ဃ) (စ) ဖျက်သိမ်းပေးရေး ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီမှု မရှိသော ပုဒ်မများ ဖျက်သိမ်းပေးရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရေး၊ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကို အမြန်ဆုံး အကောင်ထည် ဖော်ဆောင်ပေးရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အမြန်ပြင်ဆင်ပေး၊ ဒီမိုကရေစီ စံနှုန်းပြည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေး ဟူသော ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်သွားမည်ဟု ထားဝယ်မြို့နယ်တွင် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ဦးရဲထွဋ်က ပြောကြားသည်။

ထိုသို့ ဆန္ဒပြရာတွင် ထားဝယ်ဒေသ လေးမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အင်အား တစ်ထောင်က အရပ်ဘက် အဖွဲ့အစည်းများ ဝန်းရံ၍ ထားဝယ်မြို့ NLD ရုံးရှေ့မှ စတင်ကာ လေးနာရီကြာ ဆန္ဒထုတ်ဖော်မည်ဟု ၎င်းကဆိုသည်။

ယင်းရုံးရှေ့မှ တစ်ဆင့် ဆေးရုံလမ်း၊ နိဗ္ဗာန်လမ်းအတိုင်း၊ ဗိုလ်ချုပ်လမ်းအတိုင်း ညောင်ပင်ကြီး လမ်းဆုံသို့ လည်းကောင်း၊ ယင်းမှ တိုက်သစ်လမ်း၊ ရတနာမာန်အောင်လမ်း၊ အာဇာနည်လမ်းအတိုင်း ချီတက်ကာ မူလစုရပ်သို့ ပြန်လည် ဝင်ရောက်မည် ဖြစ်ကြောင်း အဖွဲ့ချုပ်ထံမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ နေရာဒေသ အချို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲများ ကျင်းပ ပြုလုပ်မှုများ ရှိနေသကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ ကို မပြင်ဆင်ရေး အတွက် ထောက်ခံသည့် ဟောပြောပွဲများလည်း ကျင်းပလျက် ရှိသည်။

Dawei Watch

The Voice Weekly

No comments:

Post a Comment