address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, March 26, 2014

Nok Air လေကြောင်း မဲဆောက်-မော်လမြိုင် ခရီးစဉ်ရပ်နား


26.3.2014

ထိုင်းနှင့် မြန်မာနယ်စပ် မဲဆောက်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ တိုက်ရိုက် ပြေးဆွဲနေသည့် Nok Air လေကြောင်းခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည့် အချိန်မှ ငါးလအကြာ ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ ခရီးစဉ် ပြေးဆွဲမှု ရပ်နားထားလိုက်ပြီး ဖြစ်ကြောင်း မော်လမြိုင် အခြေစိုက် သက်ဆိုင်ရာ လေယာဉ် လက်မှတ် ဝန်ဆောင်မှု လုပ်ငန်းအချို့ထံမှ သိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစပြီး နေ့စဉ် စတင်ပြေးဆွဲခဲ့ သည့် Nok Air မဲဆောက်-မော်လမြိုင် ခရီးစဉ်သည် လိုက်ပါစီးနင်းသူ ခရီးသည် နည်းပါးခြင်းကြောင့် ရပ်နားသွားသည်ဟု မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောကြားသည်။
“ခရီးစဉ် ရပ်နားလိုက်ပါပြီ။ စီးပွားရေးအရ မကိုက်လို့ ရပ်နားလိုက်တာ ဖြစ်မှာပါ။ ခရီးသည်မှ မရှိတော့တာ သူတို့က အချိန်မှန်မှန်ဇယားနဲ့ ပြေးဆွဲတာ မဟုတ်ဘူး။ စင်းလုံးငှားနဲ့ဆိုတော့ စင်းလုံးငှားမယ့်လူ မရှိဘူးဆိုတော့ နားရတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

သို့သော်လည်း မော်လမြိုင်လေဆိပ် ပြုပြင်မှုအပိုင်း အားနည်းချက် ရှိနေသည့်အတွက် Nok Air လေကြောင်းလိုင်း ပြေးဆွဲမှု ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း မော်လမြိုင်မှ စီးပွားရေး လုပ်ငန်းရှင် တချို့က ပြောဆိုနေကြသည်။
“Nok Air မော်လမြိုင်-မဲဆောက် လက်မှတ်တော့ ခဏနားထားပါတယ်။ ၂ လပိုင်းကတည်းက နားထားပါတယ်။ ရန်ကုန်-မဲဆောက် ပြေးဆွဲမှုတော့ ရှိပါတယ်။ လက်မှတ်လည်း ရနိုင်ပါတယ်” ဟု မွန်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ ခရီးသွားလိုသူများအတွက် လေယာဉ်လက်မှတ်နှင့် ဗီဇာရရှိရန် ဝန်ဆောင်မှု ပေးနေသည့် သီရိဟင်္သာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မဲဆောက်-မော်လမြိုင် Nok Air လေကြောင်းလိုင်း ခရီးစဉ်တွင် စီးနင်းလိုက်ပါသူ အများစုမှာ မဲဆောက်မှ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ၊ မွန်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည်။

Nok Air လေကြောင်းလိုင်း ပြေးဆွဲမှုကြောင့် မွန်ပြည်နယ်သို့ ထိုင်းအပြင် နိုင်ငံပေါင်းစုံမှ ဧည့်သည်တော်များ အလွယ်တကူ ဝင်ရောက်လာနိုင်မည် ဖြစ်သည့်အတွက် မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာကာ အလုပ်အကိုင် အခွင့်အလမ်းလည်း များလာမည်ဟု မျှော်မှန်းထားကြပြီး ယခုကဲ့သို့ ခရီးစဉ် ရပ်နားလိုက်သည့်အပေါ် မွန်ပြည်နယ်အတွက် များစွာနစ်နာမှု ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်တို့က ပြောဆိုသည်။

Nok Air လေကြောင်းလိုင်း၏ မဲဆောက်-မော်လမြိုင် ခရီးစဉ် ပြေးဆွဲပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ရန်ကုန်-မဲဆောက် ခရီးစဉ်ကိုလည်း တိုးချဲ့ပြေးဆွဲခဲ့သည်။

(Dawei Watch)
The Voice Weekly

No comments:

Post a Comment