address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 10, 2014

တိုင်းရင်းသားဘာသာ သင်ကြားရေး ပြည်နယ်အစိုးရများနှင့် ဆက်ညှိနှိုင်းမည်


10.3.2014

အခြေခံပညာ မူလတန်းကျောင်းများတွင် ကျောင်းချိန်နှင့် ကျောင်းပြင်ပ တိုင်းရင်းသားဘာသာ သင်ကြားရေးအတွက် ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး တိုင်းaဒသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ ဆက်လက်ညှိနှိုင်းမည် ဖြစ်ကြောင်း ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

တိုင်းရင်းသား ဒေသများတွင် မိခင်ဘာသာ အသုံးပြု သင်ကြားရေးနှင့် မည်သည့် အတန်းအထိ သင်ကြားမည်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့ကသာ ဆောင်ရွက်သင့်ပြီး တိုင်းရင်းသား လူမျိုးစုံသော ဒေသအချို့တွင် ဘုံဘာသာစကားကို ရွေးထုတ် သင်ကြားရေးအတွက် ပညာရေးဝန်ကြီးဌာနက ချုပ်ကိုင်မည် မဟုတ်ကြောင်း ၎င်းက ပြောဆိုသည်။

“တိုင်းနဲ့ပြည်နယ် အစိုးရတွေ တာဝန်ခံတွေက ဘယ်နှတန်းထိ သင်မယ်၊ ဘယ်လောက် သင်မှာလဲဆိုတာ ဆုံးဖြတ်ရတာ။ သင်ရိုးကို ဗဟိုက ထိန်းချုပ်ရမယ်ဆိုတာ ကျွန်မတို့လည်း လက်မခံဘူး” ဟု မတ်လ ၆ ရက်နေ့ အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲ ရေးဆွေးနွေးပွဲ သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်က ပြောကြားသည်။

အခြေခံပညာနှင့် ဆက်နွှယ်သော ဆွေးနွေးပွဲများအရ တိုင်းရင်းသား ဘာသာစကားကို ကြားခံ ဘာသာစကားအဖြစ် သုံးစွဲခြင်းအပြင် တွဲဖက်ဘာသာရပ် အနေနှင့် သင်ကြားခြင်းတို့ကို ဆက်လက်ဆွေးနွေးရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အထဲမှာ ပညာရေးနဲ့ သယံဇာတ ခွဲခြားရေးက အရေးကြီးဆုံး အချက်ပဲ” ဟု ဒေါက်တာ ရင်ရင်နွယ်က ပြောဆိုသည်။

တိုင်းရင်းသားစာပေ ဖွံ့ဖြိုးရေးနှင့် တိုးတက်ရေးအတွက် အလေးပေး စဉ်းစားရန် အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေး ဆွေးနွေးပွဲ၌ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တိုက်တွန်းသွားသည်။

အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ပညာရေးအဖွဲ့ အချို့ကလည်း ပညာရေး ဝန်ကြီးဌာန၏ ကျောင်းချိန်ပြင်ပ တိုင်းရင်းသားဘာသာ သင်ကြားရေးသည် ထိရောက်မှု မရှိကြောင်း အကြံပြုသည်။

ဆယ်စုနှစ်ကျော်ကြာ ရပ်နားထားခဲ့သော တိုင်းရင်းသား ဘာသာစကား သင်ကြားခွင့်အတွက် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ဘာသာစကား ၂၃ မျိုးနှင့် ပြန်လည် စတင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment