address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, March 12, 2014

ငြိမ်းချမ်းရေးသက်သေပြပေးပါ

ရေးသားသူ- အိဖြူမွန်
ငြိမ်းချမ်းရေးမရမချင်း ဒုက္ခသည်စခန်းတွင်သာ နေထိုင်မည်ဟု စိတ်ကူးထားသူ နော်စေးလျားတစ်ယောက် လွန်ခဲ့သောရှစ်လခန့်မှစ၍ ပြည်တော်ပြန်ရန် စဉ်းစားမိလာသည်။
အကြောင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ ကရင်စစ်ပြေးဒုက္ခသည်များခိုလှုံရာ အီးတူထဒုက္ခသည်စခန်းတွင် ၂၀၁၃ သြဂုတ်လမှစ၍ အကူ အ ညီပေးနေသော အဖွဲ့များက ပေးနေကျထောက်ပံ့မှုများကို လျှော့ချလိုက်ခြင်းကြောင့် ဖြစ်သည်။
ဇာတိရွာသို့ပြန်ရန် စဉ်းစားနေသော်လည်း ငြိမ်းချမ်းရေးမရရှိသေးသဖြင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားမည်ကို ကြောက်၍လည်း တွန့်ဆုတ်နေသည်။ သူတို့၏ဒုက္ခသည်စခန်းကို ထောက်ပံ့ကူညီနေသည့်အဖွဲ့များက ထောက်ပံမှုများကို နှစ်အလိုက် တဖြည်းဖြည်းလျှော့ချသွားမည်ဟု နော်စေးလျားတို့အား အကြောင်းကြား ထားသည်။
ထောက်ပံ့နေသည့်အဖွဲ့များက ဆန်နှင့်ဆားကို အဓိကထောက်ပံ့ထားပြီး ဟင်းလျာအတွက် တောထဲတွင် ရှာဖွေစားသောက်ကြသည်။ အချို့ဒုက္ခသည်များမှာ တစ်ဖက်ကမ်းကူးပြီး အလုပ်ခိုးလုပ်ကြသည်။ အကယ်၍ ထောက်ပံ့မှုများ လုံးဝဖြတ်တောက်ပါက မည်သို့လုပ်ကိုင်စားသောက်ရမည်လဲဆိုသည်ကို စဉ်းစားမိတိုင်း

သူ၏စိုးရိမ်ပူပန်မှုမှာ အထွတ်အထိပ်ရောက်လာလေ့ရှိသည်။

နော်စေးလျားတို့ဇာတိရွာမှာ တောင်ငူမြို့နယ် ဘောကလိကျေးရွာအုပ်စု ဆီးခဲရွာဖြစ်သည်။ ၎င်းတို့ရွာနှင့်မလှမ်းမကမ်းတွင် အစိုးရစစ်တပ်နှင့် KNU တပ်စခန်းများရှိပြီး အရင်က မကြာခဏ စစ်ပွဲများဖြစ်ပွားလေ့ရှိခဲ့သည်။ စစ်ပွဲများဖြစ်ပွားလျှင် ရွာအနီးရှိ တောင်များတွင် ခေတ္တပုန်းခိုခဲ့ကြသည်။
ထိုသို့ပုန်းခိုလိုက် ပြန်လည်အခြေချလိုက်ဖြင့် လည်ပတ်နေရာမှ ၂၀၀၆ ခုနှစ်အရောက်တွင် KNU နှင့် အစိုးရစစ်တပ်တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုစစ်ပွဲကြောင့် နော်စေလျားတို့ ရွာမီးလောင်ပျက်စီးခဲ့ပြီး ၎င်းတို့မိသားစုအပါအ၀င် စစ်ဘေးရှောင်သူငါးဆယ်က ရွာပျက်ကြီးကို အပြီး တိုင်စွန့် ခွာပြီး အီးတူထဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံနေခြင်းဖြစ်သည်။ အီးတူထဒုက္ခ သည်စခန်းတွင် ဒုက္ခသည်မိသားစု နှစ်ထောင်ကျော်ရှိပြီး အားလုံးလိုလိုမှာ ကရင်ဒုက္ခသည်များဖြစ်သည်။


၎င်းနေထိုင်ရာ ဆီးခဲကျေးရွာကို ရှစ်နှစ်ခန့်ခွဲခွာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ အစိုးရနှင့် KNU တို့က ၂၀၁၂ ဇန်န၀ါရီလတွင် ပထမဆုံးအပစ်အခတ်ရပ်စဲရေး လက် မှတ်ရေး ထိုးခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်တိုက်ဆွေးနွေးလာကြသလို ပြည်တွင်းဒုက္ခသည်များ နေရာချထားရေးကိစ္စများလည်း ဆွေးနွေးလာကြသည်။



ကိုယ့်နိုင်ငံအပြောင်းအလဲကိုအသံလွှင့်ရေဒီယိုများမှတစ်ဆင့်ကြားသိရသော်လည်း ၎င်းစွန့်ခွာ ခဲ့သောနေရာ ကို ပြန်လည်ကြည့်ရန် ယခင်က စိတ်ကူးပင်မရှိ။ စစ်ပွဲများ တစ်ကျော့ပြန်လည်လာမည်ကို စိုး ရိမ်သောကြောင့် နေရပ်ပြန်ရေးကို ကြောက်နေခြင်းဖြစ်သည်။



သို့သော် အပြောင်းအလဲမှာ နော်စေးလျားတို့ ဒုက္ခသည်စခန်းနည်းတူ ကျန်ဒုက္ခသည်စခန်းများကို ဆန်နှင့်ဆားများ ထောက်ပံ့မှုကို လျှော့ချလိုက်သည်။ ထို့အတူ ယခင်က နာမကျန်းဖြစ်ပါက ထိုင်းနိုင်ငံတွင် ဆေးကုသရန် ငွေကြေးထောက်ပံ့နေခြင်းကိုလည်း ယခုအခါ ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။



‘‘ဒီနှစ်ရတဲ့ ဆန် ၁၃ ကီလိုကနေ နောက်နှစ် ၁၂ ကီလို အဲဒီကနေတစ်ဆင့် ၁၀ ကီလို တဖြည်းဖြည်းလျှော့ ချသွားမယ်လို့ စားနပ်ရိက္ခာထောက်ပံ့နေတဲ့ TBC အဖွဲ့က ပြောသည်’’ ဟု အီးတူထဒုက္ခသည်စခန်းမှ စောထီးမိုးကပြောသည်။



KNU ထိန်းချုပ်နယ်မြေတွင် မူကြိုကျောင်းများ ရပ်တည်မှုခက်ခဲလာသည့်အပြင် ကရင်ပညာရေးအဖွဲ့က ဖွင့်လှစ်ထားသည့် အခြေခံပညာမှ အထက်တန်းအထိ စာသင်ကြားခွင့်ရသည့် ကျောင်းများတွင်လည်း စာရေးကိရိယာထောက်ပံ့မှုများ လျော့နည်းလာသည်။



‘‘ဒုက္ခသည်စခန်းတွေမှာ ကလေးတွေအတွက် နှစ်စဉ်ဖွင့်ပေးနေကျ မူကြိုကျောင်းတွေ နောက်နှစ် ဖွင့်ပေးနိုင် ဖို့ မသေချာဘူး’’ဟု မိခင်နှင့်ကလေးများအတွက် ကူညီစောင့်ရှောက်ပေးနေသည့် ကရင်အမျိုးသမီး များအ ဖွဲ့ဝင်တစ်ဦးကပြောသည်။



KNUထိန်းချုပ်နယ်မြေများအတွင်းအခြေခံပညာအဆင့်မှအထက်တန်းအဆင့်အထိကျောင်းခွဲတစ်ထောင်ကျော် ဖွင့် လှစ်သင်ကြားပေးနေသည့် ကရင်ပညာရေးအဖွဲ့တွင်လည်း သင်ထောက်ကူပစ္စည်း မလုံလောက်မှု ပြဿနာများကြောင့် ယခုနှစ်တွင် ဗလာစာအုပ်များ ကျောင်းသားများအား မထောက်ပံ့နိုင်ဟု ဆိုသည်။



‘‘ဒီနှစ်က ကျောင်းသားတွေကို စာအုပ်တွေပေးဖို့ မလောက်ငဘူး။ နောက်နှစ်ဆိုရင် ဘယ် လိုကြုံတွေ့ ရဦးမယ်မသိဘူး’’ဟုအီးတူထဒုက္ခသည်စခန်းတွင်အခြေခံပညာမှအထက်တန်းအဆင့်အထိသင်ကြားပေးနေသော ကျောင်း တာဝန်ခံမှူးစောလှလှထူးကပြောသည်။



အစိုးရတပ်များနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ အပြန်အလှန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် KNU ထိန်းချုပ်နယ်မြေ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်နှင့် ထိုင်းနိုင်ငံတွင် ကရင်ဒုက္ခသည်စခန်း ၁၅ ခု ရှိခဲ့သည်။ အဆိုပါဒုက္ခသည်စခန်းများတွင် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ စုစုပေါင်းငါးသိန်းကျော် နေထိုင် လျက်ရှိ သည်။



၁၉၉၆ နှင့် ၁၉၉၇ ခုနှစ်များတွင် ကရင်ဒုက္ခသည်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စားဝတ်နေရေးကိစ္စရပ်များကိုကူညီရန် ကရင်အလုပ်သမားအဖွဲ့၊ ကရင်စိုက်ပျိုးရေးယူနီယံ၊ ကရင်ပညာရေး အဖွဲ့၊ ကရင်ကျန်းမာရေးအဖွဲ့ စသဖြင့် အဖွဲ့အစည်းအသီးသီး ပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့များက နိုင်ငံ တကာထောက် ပံ့ငွေများဖြင့် ကူညီထောက်ပံ့ရေးကိစ္စရပ်များ လုပ်ဆောင်ခဲ့သည်။



၂၀၁၂ ခုနှစ်တွင် KNU နှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်များကြား အကြိမ်ကြိမ်တွေ့ဆုံခဲ့သည်။ ကေအင်န်ယူဥက္ကဋ္ဌ မူတူးစေးဖိုးက သမ္မတဦးသိန်းစိန်၊ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံသည်မှာပင် ငါးကြိမ် ထိ ရှိပြီဖြစ်သည်။ ၂၀၁၃ နှစ်လယ်မှစ၍ မြန်မာနိုင်ငံ၏ အပြောင်းအလဲများကြောင့် ကူညီထောက်ပံ့နေသည့် အဖွဲ့အစည်းများမှာ ပြည်တွင်းသို့ တိုက်ရိုက်ပေးလာကာ စစ်ပြေးဒုက္ခသည်များအတွက် ထောက်ပံ့ငွေများ လျော့နည်းလာသည်။ ဒုက္ခသည်အရေးကိစ္စနှင့်ပတ်သက်၍ ပြည်ပနှင့်နယ်စပ်တွင်ပေးသော အကူအညီများ လျော့လာပြီး အစိုးရနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း များပြားလာခဲ့သည်။



‘‘အစိုးရနဲ့ ပေါင်းစပ်လုပ်ကိုင်မယ်ဆိုရင် သူတို့ ပရောဂျက်တွေ အောင်မြင်မယ်လို့ နိုင်ငံတကာ အဖွဲ့ အစည်းတွေက ထင်ကြတယ်။ အရင်က နယ်စပ်မှာ ထောက်ပံ့နေတဲ့အဖွဲ့တွေက နာမည်ပြောင်းပြီး ပြည် တွင်းထဲ ကို ၀င်လာကြတယ်’’ဟု ကရင်လူမှုအဖွဲ့အစည်းမှ စောသာဘိုးကပြောသည်။



ဒုက္ခသည်များက ငြိမ်းချမ်းရေးမရရှိသေးမီ နေရပ်မပြန်လိုသော်လည်း ယာယီအပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးပြီးနောက် စားနပ်ရိက္ခာနှင့် အခြားကူညီထောက်ပံ့ခြင်းများ လျှော့ချလိုက်ခြင်းက ၎င်းတို့အား မဖြစ်မနေ နေရပ်သို့ပြန်ရန် ဖိအားဖြစ်စေသည်။ သို့သော် ဒုက္ခသည်အားလုံးက အမှန်တကယ် ငြိမ်းချမ်းသောအခြေအနေတွင်ရှိမှသာ နေရပ်ပြန်လိုသည်။ နေရပ်ပြန်ခါမှ စစ်ပွဲများဖြစ်ပွားပြီး ပြန်ပြေး ရမည် ကို စစ်ပြေးဒုက္ခသည်များ စိုးရိမ်သည်။ 



ဒုက္ခသည်များ နေရပ်ပြန်ရန် အသင့်မဖြစ်သေးမီ စားနပ်ရိက္ခာနှင့် အခြားကူညီထောက်ပံ့မှုများ လျှော့ချ လိုက်ခြင်း သည် ဒုက္ခသည်များအတွက် အတိဒုက္ခဖြစ်စေပြီး လျှော့ချသင့်သောအချိန် မရောက်သေးကြောင်း ကရင်လူမှုအဖွဲ့အစည်းများကပြောသည်။



စစ်ပွဲအငွေ့အသက်များကြောင့် မသင်္ကာသဖြင့် ရွာသားများ သတ်ဖြတ်ခံရခြင်း၊ ကျေးရွာများ မီးရှို့ဖျက် ဆီးခံရခြင်းနှင့် စီးပွားရေးမတည်မြဲခြင်း၊ နာမကျန်းဖြစ်၍ ကလေးငယ်များ သေကျေပျက်စီးရခြင်းများကို ထပ်မံ မ ခံစားလိုကြဟု ဒုက္ခသည်များက တညီတညွတ်တည်းပြောသည်။



‘‘ကျွန်မ ကလေးနှစ်ယောက် စစ်ပွဲဖြစ်လို့ ဟိုပြေးဒီပြေးရင်း လမ်းမှာဆုံးသွားတယ်။ ဒီလိုမျိုး ထပ်မကြုံချင်တော့ ဘူး။ သူတို့က ရွှေ့ပေးမယ်၊ ပြောင်းပေးမယ် ပြောကြတာ။ ကျွန်မတို့ကို ဘယ် လိုအာမ ခံချက်ပေးမှာလဲ’’ဟုဖာပွန်ခရိုင်မှစစ်ပြေးဒုက္ခသည်ဖြစ်လာခဲ့သူအသက်(၄၄)နှစ်အရွယ်န်ာဆဲနေမှူးကပြောသည်။



ထို့အပြင် ယာယီအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားသည့် ကာလအတွင်း KNU ထိန်းချုပ်နယ်မြေနှင့် နီးကပ်စွာတည်ရှိနေသောအစိုးရစစ်တပ်များတွင်တပ်စခန်းများပြုပြင်ပြောင်းလဲခြင်း၊အင်အားတိုးချဲ့ခြင်းနှင့် ဒုက္ခသည်စခန်းများအနီးတွင် တပ်စခန်းများ အခြေချခြင်းတို့ကြောင့် ဒုက္ခသည်တို့က မယုံကြည်ဟုဆိုသည်။



‘‘စစ်ပွဲပြန်ဖြစ်ရင် ကျွန်မ မပြေးနိုင်တော့ဘူး။ သူတို့က ရွှေ့ရွှေ့လို့သာပြောတာ ကျွန်မတို့အတွက် ဘာအာမခံချက်ပေးနိုင်မလဲ။ တိုင်းရေးပြည်ရေး အမှန်တကယ် ကောင်းလာရင်တော့ ပြန်ချင်တယ်။ ဒါပေမဲ့ မယုံရဲသေးဘူး’’ဟု အသက်(၇၀)အရွယ် နော်စာထူးကပြောသည်။



အစိုးရအနေဖြင့် နေရပ်ပြန်လည်နေရာချထားရေးကိစ္စကို ဆောင်ရွက်ရာတွင် အဓိကအရေးကြီးသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအကောင်ထည်ဖော်ရမည်ဖြစ်ပြီးထိုအဆင့်အောင်မြင်ပါကဒုက္ခသည်များ၏စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်စိန်ခေါ်မှုများကို ဖြေရှင်းသင့်သည်ဟု ဒုက္ခသည်များအားထောက်ပံ့ရေး ဆောင်ရွက်ပေးနေသည့် ကရင်အဖွဲ့အစည်းများကဆိုသည်။



ယာယီအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးသည်ဆိုသော်လည်းအလုံးစုံငြိမ်းချမ်းရေးမရောက်ရှိသေးသောကြောင့် ပြန်လည်ရွှေ့ပြောင်းနေထိုင်ရန်ကို တွန့်ဆုတ်နေကြသည်။ ယာယီအပစ်အခတ်ရပ်စဲရေး လက် မှတ်ရေးထိုးပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးနေသည်မှာ ၂ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည်။



ထို့ပြင် နေရပ်ပြန်လည်နေရာချထားရေးသည် ငြိမ်းချမ်းရေးဖြစ်စဉ်ပြီးမှ ဖြေရှင်းပါက ပိုမိုသင့်လျော်သော ဖြေရှင်းနည်းဖြစ်သည်ဟု KNU မှ ပြောရေးဆိုခွင့်ရှိသူနှစ်ဦးက ဆိုသည်။



‘‘ပဋိပက္ခကို အကြမ်းဖက်ဖြေရှင်းကြသည့် သမိုင်းဆိုးကို ပြန်ပြီးအသက်မသွင်းကြပါနဲ့။ အားလုံးပါဝင်တဲ့ သမိုင်းတွင်ရစ်မယ့်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကိုမဆုတ်မနစ်နဲ့နောက်ကြောင်းပြန်မလှည့်ရန် သန္နိဋ္ဌာန်ချလျက် တွေ့ဆုံညှိနှိုင်းခြင်း၊ ငြိမ်းချမ်းရေးအတွက် ပကတိအခြေအနေနဲ့ကိုက်ညီတဲ့ အနာ ဂတ် ဖယ်ဒ ရယ်ပြည်ထောင်စုကြီးကို ရဲရဲဝံ့ဝံ့နဲ့ အားသွန်ခွန်စိုက် ကြိုးစားတည်ဆောက်ကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်’’ဟုစောမူတူးစေးဖိုးကလော်ခီးလာညီလာခံဖွင့်ပွဲမိန့်ခွန်းတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအား တိုက်တွန်းခဲ့သည်။ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တို့၏ မတ်လ ၉၊ ၁၀ ဆွေးနွေးပွဲတွင် အပစ်ရပ်မူကြမ်းပြန်ရေးဆွဲရန် သဘောတူထားသည်။ အဓိပ္ပာယ်က ငြိမ်းချမ်းရေး ပိုနီးလာခြင်းလား၊ ပိုဝေးခြင်းလားမသိ။



နေရပ်စွန့်ခွာသူများကတစ်ကျော့ပြန်ဖြစ်လာမည့်ပြည်တွင်းစစ်ပွဲများကိုမလိုမရှိကြတော့။က္ခသည်များအတွက် စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေးထက် အဓိကကျသော လိုချင်တပ်မက်မှုမှာ ငြိမ်းချမ်းရေးဖြစ်သည်။



ကိုယ့်နေရပ်သို့ တစ်ခေါက်ပြန်၍ အခြေအနေကြည့်ခဲ့သူ နော်စေးလျားကပြောသည်။



‘‘ကျွန်မတို့ နေထိုင်တဲ့နေရာတွေ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ ငြိမ်းချမ်းရေးရယူပေးကြပါ။ ကျွန်မတို့ပြည်သူတွေကို တကယ်ချစ်တယ်ဆိုရင် ဒီသက်သေတစ်ခုကို အမှန်တကယ်ပြသပေးပါ။’’

7 day News Journal

No comments:

Post a Comment