address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, July 26, 2013

တိုင်းရင်းသား တပ်ပေါင်းစု UNFC က ဦးဆောင်ပြုလုပ်မည့် တိုင်းရင်းသား ညီလာခံကို ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံတွင် ပြုလုပ်မည်



 26.7.2013

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှဦးဆောင်ပြီး ပြုလုပ်မည့် တိုင်းရင်းသား ညီလာခံကို ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံတွင်ပြုလုပ်မည် ဖြစ်ကြောင်း UNFC ၏ ဒုတိယအထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဇူလိုင် ၂၄ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။


''တိုင်းရင်းသားတွေရဲ့ သဘောထားကို အကောင်အထည် ဖော်တဲ့အနေနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

တိုင်းရင်းသား ညီလာခံကို ရည်ရွယ်ချက် လေးချက်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ အချက်များမှာ (က) တိုင်းရင်း သားစည်းလုံးညီညွတ်ရေး ပိုမိုအားကောင်းလာစေရန်၊ (ခ) ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီ ချက်ရရှိစေရန် (ဂ) တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီ အင်အားစုများ ဆက်စပ်ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန်၊ (ဃ) ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်း ဖြစ်စဉ်နှင့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်စေရန်တို့ ဖြစ်ကြောင်း သိရသည်။

ညီလာခံသို့ ပြည်တွင်း၊ ပြည်ပမှ တိုင်းရင်းသား အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူထုအခြေပြု လူမှုအဖွဲ့များအားလုံးကို ဖိတ်ကြားထားပြီး တက်ရောက်မည့်သူများစာရင်း အတိအကျကို ညီလာ ခံ စတင်မည့် ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ပေးမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်က လာမည့်ရက်များအတွင်း နေပြည်တော်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းအားလုံးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး နိုင်တော့မည်ဟု ပြောကြား ခဲ့ပြီးနောက် တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် ညီလာခံကို UNFC က ခေါ်ယူကျင်းပ လိုက်ခြင်းဖြစ်သည်။

ယခုကျင်းပမည့် တိုင်းရင်းသား ညီလာခံသည် UNFCက ဒုတိယအကြိမ် ပြုလုပ်သောညီလာခံဖြစ်ပြီး ပထမအကြိမ် တိုင်းရင်းသား ညီလာခံကို ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည်။ ပထမအကြိမ် ပြုလုပ်ခဲ့သော တိုင်းရင်းသား ညီလာခံသည် အစိုးရက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဖွဲ့စည်းပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

UNFC ၏ ပထမအကြိမ် တိုင်းရင်းသား ညီလာခံမှ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် ခြောက်ချက်ကို ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လမ်းပြမြေပုံအဖြစ် သတ်မှတ်ခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန်အတွက် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များကို UNFC မှ ရေးဆွဲတင်ပြ ထားသော်လည်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် သဘောတူညီမှု မရသေးကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သော UNFC ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက အဖွဲ့ ၁၁ ဖွဲ့ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ ထိုသို့ပြန်လည် ဖွဲ့စည်းလိုက်သော UNFC တွင် ကရင်အမျိုးသားအစည်း အရုံး(KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင်အမျိုးသားကောင် စီ (ANC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU) နှင့် '၀'အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်သည်။

No comments:

Post a Comment