address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 24, 2013

“လာဘ်မစားတဲ့ အခွန်မှူး ရှိသလား”



 24.7.2013

ပြီးခဲ့တဲ့ရက်ပိုင်းက ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ပြည်တွင်းအခွန်ဦးစီးဌာနက ညွှန်ကြားရေးမှူး အ ဆင့် တွေအပါအ၀င် အရာရှိ ၃၁ ယောက်ကို အရေးယူလိုက်ပြန်ပါပြီ။ မနှစ်က တစ်နှစ်လုံး အရာရှိ ၃၃ ယောက် အပါအ၀င် စုစုပေါင်း ၄၆ ယောက် အရေးယူခဲ့တာနဲ့ စာရင် ဒီတစ်ခေါက် တစ်ကြိမ်တည်း အရေးယူတဲ့ အရေအတွက် များတယ်လို့ ဆိုရမှာပါ။ ပြည်တွင်းအခွန်ဌာနမှာ ဘယ်လို အရေးယူမှုတွေ လုပ်ခဲ့သလဲ၊ နောက်ခံအကြောင်းက ဘာလဲ၊ ဒီလို ပြသနာတွေ မဖြစ်အောင် ဘာတွေလုပ်ဖို့ လိုမလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။


ဒီရက်ပိုင်း အရေးယူခံရသူ ၃၁ ယောက်ထဲမှာ ညွှန်မှူးအဆင့် ၃ ယောက်၊ လက်ထောက်ညွှန်ကြားရေး မှူး ၂၁ယောက်၊ ဦးစီးအရာရှိ ၇ ယောက် ပါဝင်ပါတယ်။ အဓိက မြို့နယ်တစ်ခုစီကို တာဝန်ယူရ တဲ့ မြို့နယ်ဦးစီးမှူးတွေ အများစုပါ။ အဲဒီ လူတွေထဲက ၁၃ ယောက်ကို ၀န်ထမ်းအဖြစ်က ထုတ်ပယ် လိုက်ပါတယ်။ ၁၁ ယောက်ကို အငြိမ်းစားပေးပြီး ၇ ယောက်ကိုတော့ ဌာနပြောင်းရွှေ့စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါတင်မက ထူးခြားတာက အဲဒီ အရာရှိတွေဟာ ဘဏ္ဍာရေးဝန်ကြီးဌာနကို လုပ်ကိုင်မှားမိခဲ့ တာတွေအတွက် ကျပ်သိန်းပေါင်း ၆၆၀၀ ကျော် အလျော်ပြန်ပေးရမယ် ဆိုတာပဲ ဖြစ်ပါတယ်။


အရေးယူခံရမှု အားလုံးလိုလိုလောက်ဟာ အိမ်ခြံမြေ အရောင်းအ၀ယ် အတွက် အခွန်စည်းကြပ်ရာမှာ လာဘ်ယူမှုတွေ လုပ်ခဲ့လို့လို့ ဆိုပါတယ်။ တကယ်တော့ အိမ်ခြံမြေ အရောင်းအ၀ယ် တရားဝင်ဖြစ်ဖို့ အခွန်စည်းကြပ် မှုတွေ လုပ်တာမှာ လာဘ်ပေးတယ်၊ လာဘ်ယူတယ် ဆိုတာဟာ လုပ်ရိုး လုပ်စဉ်ပါ၊ ဘယ်အခွန်မှူး တစ်ယောက်မှ မကင်းပါဘူး။ ဘယ်အခွန်ထမ်း ကမှလည်း တကယ့် ရောင်းဈေး၊ ၀ယ်ဈေးအတိုင်း အခွန်မှန်မှန် မဆောင်ပါဘူး။ ဒါပေမယ့် ညွှန်မှူးတွေနဲ့ မြို့နယ်မှူးတွေ အခု လို ဖြစ်သွားရတာဟာ ဌာနတွင်း အချင်းချင်း မသင့်မမြတ် ဖြစ်ရာကနေ တိုင်တောမှု၊ အဲဒီကမှ တဆင့် အရေးယူရတဲ့ အဆင့် ရောက်သွားတာလို့ အတွင်းသတင်းတွေအရ သိရပါတယ်။ 

အိမ်ခြံမြေ အရောင်းအ၀ယ် အခွန်စည်းကြပ်ရာမှာ လာဘ်ပေး လာဘ်ယူ မမှန်မကန်လုပ်လို့ အရေးယူ ရမယ်ဆိုရင် ပြည်တွင်းအခွန် ဦးစီး ဌာနမှာ အခွန်မှူး တစ်ယောက်မှတောင် ကျန်မှာမဟုတ်ပါဘူး။ အရေးယူခံရတဲ့ သူတွေအနက် မြို့နယ် ဦးစီးမှူးက အများစုဖြစ်ပြီး ရန်ကုန်က ၂၃ ယောက် မန္တလေးက ၄ ယောက် ဖြစ်နေရတာကလည်း အခွန်ကို အခွန်ထမ်းဆီကနေ တိုက်ရိုက်စည်းကြပ်ရသူဟာ မြို့နယ် အခွန်ဦးစီးမှူးက အဓိက ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ ဒီပြသနာတွေ ဘာကြောင့်ဖြစ်နေရတာ လည်းဆိုတာ ဆက်လေ့လာကြည့်ပါမယ်။

လက်ရှိ အိမ်ခြံမြေ အရောင်းအ၀ယ် လုပ်ရင် ၀ယ်မယ့်သူဟာ သူဝယ်တာ တရားဝင်ဖြစ်အောင် ၀ယ်တဲ့ တန်ဘိုးရဲ့ ၇ ရာခိုင်နှုန်း တံဆိပ်ခေါင်းခွန် ကပ်ရပါတယ်။ ပြည်တွင်းအခွန်ဌာနကို ၃၀ ရာခိုင်နှုန်း အခွန်ဆောင်ရပါမယ်။ စုစုပေါင်း ၃၇ ရာခိုင်နှုန်းပါ။ ရောင်းသူကတော့ ရောင်းခွန် ၁၀ ရာခိုင်နှုန်း ဆောင် ရပါမယ်။ တိတိကျကျ အဓိပ္ပါယ် ဖွင့်ရရင် ကျပ် သိန်း ၁ ထောင်တန် အိမ်၊ခြံမြေ တစ်ခုခုဝယ်ဖို့ ၀ယ်သူ က ကျပ်သိန်း ၁၃၇၀ ကုန်ကျပါမယ်။ ရောင်းသူက ကျပ်သိန်း ၉၀၀ ပဲ ရပါမယ်။ (တကယ်တော့ ရန်ကုန် အိမ်ခြံမြေ လောကမှာ ကျပ် သိန်း ၁ ထောင်တန်ဆိုတာ မရှိ သလောက် ရှားနေပါပြီ) အဲတော့ ဘယ် အိမ်ခြံမြေ ၀ယ်သူ၊ ရောင်းသူတွေက အဲလို စည်းကမ်းတကျ၊ အခွန်ဆောင်ပြီး ရိုးရိုးသား လုပ်ကြ ကိုင်ကြ ပါသလဲ။ အစိုးရအဖွဲ့ဝင်တွေ၊ သူတို့ ဇနီးသားသမီးတွေ၊ လွှတ်တော် အမတ်တွေ သူတို့ဇနီးသားသ မီးတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ သူတို့ ဇနီးသားသမီးတွေထဲမှာ အိမ်ခြံမြေ တစ်ခြံမက ပိုင်သူတွေ၊ ရင်းနှီးမြှုပ်နှံ အရောင်းအ၀ယ် လုပ်နေသူတွေအများကြီး ရှိပါတယ်။ သူတို့တွေ ရောင်းကြ ၀ယ်ကြတဲ့အ ခါ အဲလို ဥပဒေနဲ့အညီ အခွန်ဆောင်ကြပါရဲ့လား ?

တကယ်လက်တွေ့မှာတော့ ဘယ်သူမှ အဲလို အခွန်မဆောင်ကြပါဘူး။ ဒီအတွက်နည်း ၃နည်းနဲ့ ဖြေ ရှင်းကြပါတယ်။ အာဏာရှိသူတွေကတော့ ငါတို့ ဒီအိမ်ခြံမြေ အရောင်းအ၀ယ်အတွက် ဒီလောက် အခွန်ဆောင်ချင်တယ်၊ ဘောင်ဝင်အောင် လုပ်ပေးပါ ဆိုတာကတနည်း။ တစ်ချို့ကတော့ အရောင်း အ၀ယ် စာချုပ် တရားဝင် မလုပ်ပဲ Special Power လို့ခေါ်တဲ့ ကိုယ်စားလှယ်လွှဲစာလုပ်ပြီး မြေကွက်ကို လက်ဝယ်ရယူထားတဲ့ နည်းကျင့်သုံးပါတယ်။ ဒါပေမယ့် သိန်း ထောင်ချီ သောင်းချီ ကုန်ကျခံထားရတဲ့ အိမ်၊ ခြံ၊ မြေ ကို ကိုယ့်နာမည် မပေါက်ပဲ ကြာရှည် ဘယ်သူမှလက်ထဲမထားရဲပါဘူး။ လက်ရှိ အများစုကြီး ကျင့်သုံးတဲ့ နည်းကတော့ အခွန်မှူးကို လာဘ်ပေး၊ ဈေးညှိ၊ ကျသင့် အခွန်ငွေ နည်းအောင် လုပ်ပြီး တရားဝင်ဖြစ်အောင်လုပ်တဲ့နည်းကို ကျင့်သုံးကြပါတယ်။ ဘယ်လိုလုပ်ကြသလဲ။ မကြာသေးမီ တုန်းက အခွန်ဆောင်ခဲ့သူ တစ်ယောက်ရဲ့ နမူနာ ပြောပြပါမယ်။

သူ့မြေတစ်ကွက်ဟာ အဲဒီအခွန်ဆောင်ချိန်က ပျမ်းမျှ သိန်း ၈၀၀ လောက် တန်ပါတယ်။ အလွန့်အလွန် ရင်းနှီးတဲ့ မိတ်ဆွေ အခွန်မှူးဆီ အပူကပ်တော့ အပြီးအစီးကျပ်ငွေ ၄၂သိန်း ပေးဖို့ ဈေးတည့်သွားပါ တယ်။ သူ့ဆီကို တရားဝင်အခွန်ဆောင်ထားတဲ့ စာရွက်ရောက်လာလို့ ကြည့်လိုက်တော့ ကျပ်ငွေ ၁၈ သိန်း ဖြစ်ပါတယ်။ ပြောရရင် အခွန်မှူး အပါအ၀င် အခွန်ဌာနက လာဘ်ယူလိုက်တာ ၂၄ သိန်းဖြစ်ပါ တယ်။ လာဘ်ယူတဲ့ငွေဟာ ၁၃၀ ရာခိုင်နှုန်း ကျော်ပါတယ်။ ဒါဟာ နိုင်ငံတော်ဆီ ၀င်သွားတဲ့ အခွန် ငွေ ထက်တောင် များနေပါတယ်။ (အဲဒီလို ပေးရတာဟာ အခွန်စုစုပေါင်း ၁၅ ရာခိုင်နှုန်း ဆောင်နေရချိန် က ဖြစ်ပြီး လက်ရှိ ၃၇ ရာခိုင်နှုန်း ဆောင်ရမယ့် အခြေအနေ မဟုတ်သေးပါ)။ ဒါကိုကြည့်ရင် ဌာန တစ်ခုလုံးက လာဘ်ယူမှု ဘယ်လောက်ရှိမလဲ ခန့်မှန်းနိုင်ပါတယ်။

အဲလောက် လာဘ်ယူလို့ မြို့နယ်အခွန်မှူး စားလှချည်လား မတွေးကြပါနဲ့။ အခွန်နှုန်းထားကို မြို့နယ် အခွန်ဦးစီးမှူး တစ်ယောက်တည်း သတ်မှတ်လို့ ရတာ မဟုတ်ပါဘူး။ သူသတ်မှတ် စည်းကြပ်တဲ့ အိမ်ခြံမြေကွက် ဈေးနှုန်း၊ အခွန်နှုန်းထား စတာတွေ အထက် အဆင့်ဆင့် တင်ပြရပါတယ်။ အဲဒီ အထက်အဆင့်ဆင့်က အတည်ပြုပေးဖို့အတွက် သူလည်း လာဘ်ငွေ ပေး ရပါတယ်။ အဓိပ္ပါယ်က လာဘ်ယူတာ အောက်ခြေ မြို့နယ်မှူး တစ်ယောက်ပဲ သက်ဆိုင်နေတာ မဟုတ်ဘူးလို့ ဆိုလိုတာပါ။ လွယ်လွယ်ပြောရရင် အခွန် စည်းကြပ်ငွေ နည်းအောင် အိမ်ခြံမြေ တန်ဘိုးကို နှိမ့်ပြီးတင်တာ၊ အခြား ပြည်သူတွေ နားမလည်နိုင်တဲ့ အခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ သုံးတာ စတာတွေနဲ့ လုပ်ကြပါတယ်။ ဒီအတွက် လာဘ်ပေးလာဘ်ယူမှုမှာ ဘယ်သူမှ မကင်းကြပါဘူး။ ရိုးသားသန့်ရှင်းတဲ့ အခွန်မှူးတွေကို တွေ့ချင်ရင် လစာကျပ်ငွေ ၁ သိန်း ၂ သိန်းနဲ့ သူတို့တွေ ဘယ်လို နေထိုင်စားသောက်၊ ဘာတွေ ပိုင်ဆိုင်ထားသလဲ သွားကြည့်လိုက်ရုံနဲ့ သိသာပါတယ်။
 
ပြသနာရဲ့ အရင်းခံဟာ အစိုးရရဲ့ ကင်ဆာရောဂါလို အမြစ်တွယ်နေတဲ့ လာဘ်ပေးလာဘ်ယူ ပြသနာပါ။ ဒါကို အရင်ဖြေရှင်းရပါမယ်။ နောက် တစ်ချက် ကတော့ အခွန်စည်းကြပ်တဲ့ နှုန်းထားတွေ ပြသနာပါ။ လက်တွေ့ဘယ်သူမှ မဆောင်နိုင်၊ မဆောင်ချင်ပါဘူး။ အဲဒါတွေ မဖြေရှင်းပဲနဲ့တော့ သန့်ရှင်းတဲ့အစိုး ရ ကောင်းမွန်တဲ့ အစိုးရ ဖြစ်မလာနိုင်သလို တိုင်သူ ရှိလာ တာနဲ့ ပြုတ်ဖို့ အဆင်သင့်ပြင်ထားကြ ဖို့၊ ပြုတ်သွားရင် ရင်းနှီးလုပ်ကိုင် စားသောက်စရာ များများရအောင် များများရှာထားဖို့ အခွန်မှူးတွေကို ရွဲ့ပြီး တိုက်တွန်းဖို့ပဲ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment