address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 24, 2013

ကေအိုင်အိုနယ်မြေအတွင်းရှိဒုက္ခသည်များကိုဆေးဝါးကုသမှုများပြုလုပ်မည်




24.7.2013
တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများကြောင့် ၂ နှစ်ကျော် နေရပ် စွန့်ခွာနေရသော ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သော ဒုက္ခသည်များကို ဇူလိုင်လ နောက် ဆုံးအပတ်၌ ဆေးဝါးကုသမှု ပြုလုပ်ပေးမည်ဖြစ်ကြောင်း The Action Time Fountationမှ ဦး ထင်အောင်က ပြောကြားသည်။


“အရင်တစ်ခါ သွားတုန်းက ဒုက္ခသည် စခန်းမှာ ဝမ်းရောဂါ ဖြစ်နေတဲ့ ကလေးတွေ ဆေးဝါး ကုသမှု လိုအပ်နေတာ တွေ့လို့စီစဉ်လိုက်တာပါ” ဟု၎င်းကဆိုသည်။ ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည် စခန်းများတွင် ဆေးဝါး ကုသမှုအပြင် စာသင်ကျောင်းများတွင် သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဒုက္ခသည်များကို စိတ်ခွန်အား ဖြစ်စေရန် တေးသံရှင် ၁၅ ဦးတို့က ဂီတ ဖျော်ဖြေပေး မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကေအိုင်အေ ဌာနချုပ် လိုင်ဇာမြို့ ဆေးရုံတွင် ကလေးအထူးကု ဆရာဝန် နှစ်ဦးဖြင့် ကုသပေးသော် လည်းဒုက္ခသည် စခန်းများတွင် ဆရာဝန် မရှိ၍ သူနာပြုများက ကုသပေးနေရကြောင်း ယင်းဒေသသို့ သွားရောက် အကူအညီ ပေးနေသော အဖွဲ့အစည်းများထံမှ သိရသည်။

“ရာသီဥတု ပြောင်းတော့ ဖျားတာလောက်တော့ရှိတယ်။ ဝမ်းရောဂါဖြစ်တာတော့မတွေ့ဘူး” ဟု ဇူလိုင် ဒုတိယအပတ်တွင် လိုင်ဇာမြို့အနီးရှိ ဂျဲယန်းဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သူ အမျိုးသမီးတစ်ဦး က ပြော ကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ နေထိုင် ရာ ဒုက္ခသည် စခန်း ၁၂၀ ကျော်ရှိပြီး ဒုက္ခသည်ပေါင်း တစ်သိန်း ဝန်းကျင်ရှိကြောင်း တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် ဒုက္ခသည် နှစ်သောင်းကျော် ရှိကြောင်း ကေအိုင်အိုက ကောက်ယူ ထားသော စာရင်းများအရ သိရသည်။

The Action Time Fountation သည် ပြီးခဲ့သည် ဇွန်လလယ်ပိုင်း က ကေအိုင်အို ထိန်းချုပ် နယ်မြေ အတွင်းရှိ ဒုက္ခသည်စခန်းများကို အစားအသောက်နှင့် အဝတ်အထည်များ သွားရောက် လှူဒါန်းခဲ့သည်။

No comments:

Post a Comment