address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 24, 2013

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ကားများစီးလျှင်ဖမ်းမည်



 
 24.7.2013
အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ယာဉ်စီးနင်းပါက ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူး သန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။
ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်း အဝေး တစ်ဆယ့်သုံးရက်နေ့မြောက် အစီအစဉ်တွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြော ကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ နယ်စပ် ဒေသများမှ တရားမဝင် လိုင်စင်မဲ့ ယာဉ်များ ဝင်ရောက်နေမှုကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေးနှင့် ဌာနဆိုင်ရာ အသီးသီးမှ စစ်ဆေး အရေးယူနေပြီး ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် များကိုလည်း လိုင်စင်မဲ့ယာဉ် စီးနင်းခွင့်မပြုထားကြောင်း ဒုတိယဝန်ကြီးက ဆက်လက် ပြော ကြားသည်။

“ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေကို ယာဉ်လိုင်စင်တွေ ပေးထားပြီးပြီ။ လိုင်စင်မဲ့ယာဉ်စီးရင် ဖမ်းပြီး အရေး ယူမယ်” ဟု ဒေါက်တာပွင့်ဆန်းကဆိုသည်။

မြန်မာနိုင်ငံရှိ နယ်စပ်ဂိတ် အသီးသီးမှ လိုင်စင်မဲ့ ကားများ မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ပျံ့နှံ့ ဝင်ရောက်နေပြီး ယင်းသို့ ဝင်ရောက်ခြင်းမှာ နယ်စပ်ဂိတ်တာဝန်ရှိသူများနှင့် ညှိနှိုင်းသယ်ဆောင်သည် ဟု ယူဆကြောင်း တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂) အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးတိုးဝင်းက ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လိုင်စင်မဲ့ မော်တော်ယာဉ် များကို ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဧပြီလအထိ စစ်ဆေး ဖမ်းဆီးခဲ့ရာ မွန်ပြည်နယ်မှ ၃၃၃ စီးဖြင့် အများဆုံး ဖမ်းမိခဲ့ကြောင်း ဝန်ကြီး ဌာန စာရင်းများအရသိရသည်။

၂၀၀၄-၂၀၀၅ ဘဏ္ဍာနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ တရားမဝင် လိုင်စင်မဲ့ယာဉ်များ မြန်မာ-ထိုင်း နယ်စပ် မရမ်းချောင် ကုန်ပစ္စည်း စစ်ဆေးရေး စခန်းမှ အများဆုံး ဖမ်းမိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စစ်တမ်းများအရသိရသည်။

ထို့ပြင် မြဝတီကုန်သွယ်ရေး ဇုန်အနီး သောင်ရင်း မြစ်ကမ်းတစ်လျှောက် တရားမဝင်ဂိတ်များမှ လိုင်စင် မဲ့ ယာဉ်များ အဓိက ဝင်ရောက်ကြောင်း အဆိုပါ စစ်တမ်းများအရ သိရသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မနက် ၂ နာရီတွင် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှတပ် သား လေးဦးကို လိုင်စင်မဲ့ မော်တော်ယာဉ် စီးနင်းလာသဖြင့် ကျိုက်ထိုမြို့နယ် ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ယင်းသို့ ဖမ်းဆီးနေသော်လည်း တနင်္သာရီတိုင်းဒေသကြီး ထိုင်းနယ်စပ် မေတ္တာမြို့နယ်ခွဲတွင် ထိုင်း နံပါတ်ပြား သိသာ ထင်ရှားစွာ တပ်ဆင်၍ သွားလာဆဲပင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။



No comments:

Post a Comment